ရေးအုံးမယ်၊ ရေးရအုံးမယ်နဲ့မ ရေးဖြစ်တာကြာလိုက်သမှ ဆယ်စုနှစ်တခု တောင် ကျော်ခဲ့ပြီ။ပါဝင်ပတ်သက်သူအချို့တောင်ကွယ်လွန် သွားရှာတာ နှစ်တချို့ကြာခဲ့ပြီ။အခုမှပဲကြိုးစား ရေးဖြစ်မိ တော့တယ်။ ၂၀၁၀ ဘောင်းဘီချွတ်အစိုးရကြီးတက်လာ တော့ အရင်လောက်မကြပ်သလိုလိုရှိတဲ့အချိန်ဆိုပါ တော့။ကျနော်တို့မြို့မှာ စာနည်းနည်းဖတ်တဲ့အ လေ့ရှိပြီး လူငယ်များကိုအစုအဖွဲ့ လေးဖွဲ့၊စာဖတ်တဲ့အကျင့်လေးထူထောင်၊အပြန်အလှန်ကူညီ...ချစ်ခင် ရင်းနှီးတဲ့အသင်းအဖွဲ့လုပ်ချင်တဲ့လူငယ်တချို့ရှိခဲ့ တယ်။မြို့မစာကြည့်တိုက်ရှိပေမယ့်...ဝါသနာတူလူငယ်အချို့စုဖွဲ့ပြီး အခြားအရေးအရာများကိုပါ လေ့လာကြပြီး၊မြို့ထဲမှာလူမှုကူညီရေး တွေလည်း လုပ်ကြမယ်ပေ့ါ။ပွင့်လင်းလွတ်လပ်မှုလေးအနည်း ငယ်ရလာသ လောက်အတွင်းကပဲ ကိုယ့်ရပ်ကိုယ့်ရွာမှာ စပွန်ဆာမလို၊ပရောဂျက်တင်စရာမလိုတဲ့ NGO တခု ကိုယ်ထူကိုယ်ထလုပ် ဆောင်ချင်ကြတာလို့ဆို ရပါမယ်။ကျနော်အပါအဝင်လူကြီး ၃ ဦးကိုဦးစီး ဦးဆောင်လုပ်ပြီးစတင်စုဖွဲ့ ပေးဖို့အကူအညီ တောင်းပါတယ်။သူတို့ စိတ်ထဲသ ဘောကျတယ်နဲ့တူပါတယ်။ကျန်တဲ့၂ယောက်ကလည်းကျ နော့်သူငယ် ချင်း တွေပါဘဲ။ငယ်စဉ်ကထည်းက ခုထိတမြို့ ထည်းအတူနေလာကြကာ၊တည်တည်တန့်တန့် နေ တတ်သူ ပင်စင်စားတွေပါ။ စနစ်တကျ ဖြစ်အောင် ဖွဲ့စည်းပုံ လေးတခု၊ကျ နော်ကပဲရေးဆွဲ ပေးပါတယ်။ရည်ရွယ်ချက်၊လုပ်ငန်းစဉ်၊အဖွဲ့ဝင်များစည်းကမ်း.......စသည်ဖြင့် ၊သူတို့နဲ့တိုင်ပင်အတည်ပြု၊လူစု.....အသင်း လေးဖွဲ့တယ် ဆိုပါတော့။အမည်က PLUS Young Men Association ( P Y M A ) တဲ့။Logo ကသူတို့ဖာသာသူတို့လုပ်တာ။ကလေး တွေ ရေချမ်းအိုးစင်ပန်းအိုးစင်လုပ်ကစားတဲ့၊လက်မောင်း ၄ ခု...လက် ကောက်ဝတ် တွေကိုအချင်းချင်းဆုပ်ကိုင်ချိတ်ဆက်ထားတဲ့ ပုံကလေး။သူတို့စိတ်ကူးကိုရော၊ပုံကလေးကိုရော ကျနော်သိတ်သ ဘောကျတယ်။ပလပ်စတစ်ရင်ထိုး လေးလုပ်ကြ၊ အခုထိကျ နော့်မှာတခုသိမ်းထား တယ်။လစဉ် ကြေးလေးစု၊တပါတ်တခါ၊နှစ်ပါတ်တခါလောက်...စုဖွဲ့စကား ပြောကြ။အဖွဲ့ဝင် ကျား+မ ၄၀ နီးပါး ရှိလာပြီး.....စာပေလေ့လာတဲ့အဆင့်မ ရောက် သေးဘူး။ဘယ်အဖွဲ့မှမလုပ်ဖူးတဲ့အမျိုး သား နေ့အထိမ်းအမှတ်ပွဲ လေးတခုကို တောင် ဘယ်သူ့မှကြိုတင်ခွင့်မ တောင်းပဲလုပ်ခဲ့ပါ သေးတယ်။လှိုင်းတက်(မြောက်လွတ်ကုန်း)ဘုန်း တော်ကြီး ကျောင်းမှာ မနက်အ စောကြီး ကောက်ညှင်း ပေါင်း ကျွေးကျင်းပတာဖြစ်ပြီး၊SB နဲ့ MI တွေအစောကြီးလာ၊ကျေနော်တို့ ဆွေးနွေးချက် တွေ စာအုပ်က လေး တွေနဲ့ ရေးလို့မှတ်လို့ ပေါ့။စာအုပ်ကြီးသမားများနည်းနည်းအလုပ်ရှုပ်၊ခေါင်းစားသွားကြတယ်။ အဲ့ကာလ... မယကရုံးကမြို့ပိုင်ဆိုသူနဲ့လည်း ကျနော်တို့တဖြည်းဖြည်းနားလည်မှုရလာပြီ။မြို့ပေါ်က...ဘုရားပွဲတခုမှာ တောင် PYMAရန်ပုံ ငွေအဖြစ် ပွဲဈေး ရောင်းဖြစ် သေးတယ်။အတော်များများကလည်း အထက ထွက် တပည့်ဟောင်းတွဖြစ်ကြပြီး၊စုဖွဲ့လှုပ်ရှားမှုကအဆင် ပြေပါတယ်။ဒီလိုပဲ...အချိန်ယူပြီးလက်ေတွ့လုပ်ကြရင်းတဖြည်းဖြည်းအရှိန်တင်သွားရမယ်လို့မှန်းထားပါတယ်။စိတ်ဝင်စားမှု၊စုဖွဲ့မှု အတိုင်းအတာတခုထိအရှိန်ရလာပြီလို့ပဲသုံးသပ်မိပါတယ်။ ဒါပေမယ့်......အဲ့အဖွဲ့လေး သက်တမ်းမရှည်လိုက်ပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအောက်မှာ NLD ပါတီပြန်ဝင်လိုက်တဲ့ကာလ၊မြို့နယ်အသီးသီးမှာ NLD ပါတီတွေပြန် ထောင်တဲ့ကာလ နဲ့တိုးပြီး၊ နိုင်ငံ ရေးအသိတစုံတရာရှိပြီး လူမှုရေး တက်ကြွတဲ့လူငယ်များ NLD ကိုပိုစိတ်ဝင်စားသွားကြပါတယ်။ပထမရည်ရွယ်ထားတာကလည်းစာပေလေ့လာ၊လူမှုကူညီရေးလုပ်ငန်း တွေလူထုထဲအထိလုပ်ရင်းမှန်ကန်တဲ့ သမိုင်းအမြင်၊ နိုင်ငံ ရေးအမြင်များရရှိလာဖို့ပါ။အခုတော့...စုဖွဲ့မှုခိုင်မာ လှုပ်ရှားမှုအရှိန်မရ သေးမီမှာပဲ၊PYMA က လူငယ် ခေါင်း ဆောင်ပိုင်းအ တော်များများ NLD လှိုင်း ပေါ်ပါသွားကြတယ်ဆိုပါ တော့။ပြီးတော့ နိုင်ငံ ရေးပါတီဝင်များ အခြားလူမှု ရေးအဖွဲ့ထဲမပါရဘူးလည်းသတ်မှတ်ထား ၊အရွယ် ကောင်းလူငယ်လူလတ်အများစုကလည်း NLD ကိုပဲ ပြေးဝင်ကြ ဆိုတော့၊ PYMA လုံးပါးပါးသွားရပါတယ်။သူတို့ကလည်း သူတို့ငယ်ဆရာကျနော့်ကို သူတို့ပါတီမှာ ဥက္ကဌ ကို လာလုပ်စေချင်ကြသေး။၈၈ ကျောင်းဆရာ၊နိုင်ကျဉ်းဟောင်း၊NLD ပါတီလိုလား သူ......ဥက္ကဌမလုပ်နိုင်စရာဘာရှိလဲ.....ပေါ့။ကျ နော်ကမလုပ်ဘူးဆို တော့.....တပည့်ဟောင်းအများစု(PYMA ကထွက်သွားသူများ)က ကျနော့်အ ပေါ်အမြင်မကြည်ကြသလိုဘဲ။မကြည်ကြပါဘူးလေ။ PYMA ဥက္ကဌ နဲ့ ကျန်အဖွဲ့ဝင်များ၊သူတို့အဖွဲ့လေးကို ကြိုးစားပမ်းစား ဆက်RUN ကြပါတယ်။ကျနော်တို့ နာယက ၃ ယောက်ကလည်းအား ပေးကူညီပါတယ်။ အရင်လောက်အားမ တောင့်တော့သလို အရှိန်လည်းတန့်သွားတယ်ပေါ့။NLD လှိုင်းလုံးကြီးကလည်း သိကြတဲ့အတိုင်း။ ကျနော်တို့မြို့နယ်မှာ ဟိုး ပါတီ၊ကောင်စီခေတ်က ထည်းက စာပေဟော ပြောပွဲများ ၁၉၈၈ ထိနှစ်တိုင်းနီးပါး ပြုလုပ်ခဲ့ပါတယ်။နဝတ အောက် ကြပ်ကြပ် တည်းတည်းကာလများမှာလည်း၊ကြံ့ဖွတ်အသင်းနဲ့စာကြည့်တိုက်ကော်မီတီတို့ပူးတွဲတာဝန်ယူလုပ်ခဲ့တာ တွေလည်းရှိပါတယ်။နှစ်တိုင်းမပျက်မကွက် တော့မဟုတ်ပါဘူး။ပေါင်းတလည်မြို့လေးမှာ အော်ပီကျယ်နဲ့ကိုတာ ...တို့ဟောပြောပွဲလုပ်ပြီး၊ပေါင်းတ လည်မြို့ခံ ၂ ယောက် ထောင်ကျတာ၊ပြကတူးအစ ကကျနော်တို့မြို့ပေါ့။အော်ပီကျယ်ကို မဝတ က ပြောခွင့်မပြုလို့ ချက်ခြင်း ပေါင်းတလည်သွားလုပ် ကြတာ။အ ကြောင်းရင်းက အဲ့ကာလ လူတိုင်း အော့ ကြောလန်ကြက်ဆူပင်/ကြက်ဆူဆီ ကိစ္စ။ထားပါ တော့...အဲ့ကိစ္စ။ကျနော်တို့မြို့မှာစာပေဟော ပြောပွဲ နည်းနည်းကြဲသွားတယ်ဆိုပါတော့။ အပေါင်းလက္ခဏာလူငယ်အဖွဲ့အ နေနဲ့လည်း၂၀၁၂ မှာစာ ပေဟော ပြောပွဲတခုပြုလုပ်ခဲ့ပါတယ်။မြို့ ပေါ်က ဟော ပြောပွဲကိုစိတ်ဝင်စားတဲ့စာ ပေဝါသနာရှင်များ ၊စာရေးသူများနဲ့ စာကြည့်တိုက်ကော်မတီဝင်များ၊PYMA ကလူငယ်များညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီးမှဟော ပြောပွဲကျင်းပရေး ကော်မတီဖွဲ့စည်းပြီးစီစဉ်ခဲ့တာပါ။အကြိမ်များစွာပြုလုပ်ခဲ့ပြီး ဟော ပြောပွဲများမှာရန်ကုန်ကစာရေးဆရာများကိုချည့်ဖိတ်ကြားစီစဉ်ခဲ့ပါတယ်။အခုအကြိမ်PYMA ကဦးစီးပြုလုပ်မယ့် စာ ပေဟော ပြောပွဲမှာတော့ မန္တလေးကပုဂ္ဂိုလ်များကိုဖိတ်ကြားဖို့သ ေဘာရခဲ့ကြပါတယ်။ဒါနဲ့ မန္တလေးစာရေးဆရာများဖြစ်တဲ့ ညီပု လေး(ဘိုးညို)၊ကိုငြိမ်း(မန္တလေး)၊သင့် နော်(ကိုသန်းဌေး-ဥတ္တရအလင်း) နဲ့ လူရွှင်တော် ဦးချစ်စရာတို့ကိုဆက်သွယ်ရရှိခဲ့ပါတယ်။ကိုလေး(အင်းဝဂုဏ်ရည်) နဲ့ကျော်ရင်မြင့်တို့က၊ချိတ်ဆက်မိပြီးမှသတ်မှတ်ရက်မှာမလွှဲသာတဲ့ကိစ္စအချို့ ကြောင့် ကျနော်တို့ဆီလိုက်ပါမလာဖြစ်တော့ပါဘူး။ ခါတိုင်း ဟော ပြောပွဲ တွေကို တညပဲစီစဉ်ခဲ့ ပေ မယ့်ခုတကြိမ်မှာ တော့ နှစ်ည ဆက်တိုက် ဟောဖို့စီစဉ်ခဲ့တာပါ။ပေါင်းတလည်ဖက်က ဒေသခံကဗျာဆရာ လေးတဦးနဲ့ ရန်ကုန်က အောဂဲနစ်ပညာပးအသင်းတခုက ဆရာဝန်အမျိုးသမီးတဦးပါ....ပါဝင်ဖို့ဖြစ်လာပြီး၊တည ၃ဦး...နှစ်ည ၆ ဦးဟော ပြောခဲ့ပါတယ်။ နောက်ထူးခြားတာတခုက ပြည်မြို့..ဗေဒါရီဂယ်လာရီ ကလည်း ပြည်ပန်းချီဆရာများရဲ့လက်ရာများကို ဟော ပြောပွဲခန်းမမှာ ၂ နေ့ ၂ ည လာချိတ်ဆွဲပြသ ပေးခဲ့တော့၊ဆီဈေး၊ ရေဆေးပန်းချီကား ၁၀၀ ကျော်ကို ကျနော်တို့မြို့လူထု ပထမဆုံးကြည့်မြင်ဖူးကြတာဆိုပါ တော့။ပန်းချီဆရာလူငယ်၃ဦးလည်းစိတ်အားထက်သန်စွာလိုက်ပါလာကြပါရဲ့။ဆက်သွယ်ကူညီစီစဉ်ပေးခဲ့သူက တော့....NLD လိုလားသူ ကိုမော်စီ ဆိုတာ၊ဒီနေရာမှာမှတ်တမ်းပြုရပါမယ်။. ပြီးတော့...ရန်ကုန်မြို့၊ရန် အောင်စာ ပေ(၂) စာအုပ်တိုက်ကလည်း စာအုပ် တိုက်ပိုင်ရှင် ကိုတင် မောင်သန်းနဲ့မနီနီတို့ကိုယ်တိုင် လာရောက်ဖွင့်လှစ်ရောင်းချကြပါတယ်။နေ့ခင်းပိုင်းမှာလည်းပန်းချီကားကြည့်ရင်းစာအုပ်လာဝယ်သူ တွေနဲ့လူစည် နေပြီး၊ညပိုင်းကျ တော့လည်းမီး ရောင်ေအာက်ကပန်းချီကားများကခန့်ညားလှ ပနေသလို၊နားဆင်သူ၊ကြည့်ရှုသူ၊စာအုပ်ဝယ်သူ ဝါသနာရှင်များနဲ့ ..မြို့နီးချုပ်စပ် ကျေးရွာ လူငယ်အချို့ပါလာရာက်ကြပြီး ၂ ညဆက်တိုက်စည်ကားခဲ့တာ တကယ့်ကိုအားရေကျနပ်စရာပါ။စာအုပ်တိုက်က လည်းပါလာသမျှစာအုပ် တွေ( မဂ္ဂဇင်း၊ဂျာနယ်မပါ) အကုန် ရောင်းရလို့ နယ်မြို့ကလေးကစာအုပ်ချစ်သူများကို ဩချရပါသတဲ့။နောက်တ နှစ်ကျော် လောက် စာပေဟော ပြောပွဲတခုမှာတောင် လာ ရောက်ရာင်းချကြပါ သေး။ ညီပုလေး(မောင်ငြိမ်းချမ်း..ကျနော်တို့အခါ်ဘိုညို)က၊ကျနော်နဲ့အင်းစိန်တောရသီတင်းသုံးဖက်ပါ။သူကို ဒုတိယညကျမှဟော ပြောဖို့စီစဉ်ပြီး နေ့ ပိုင်းကိုတ နေရာရာပို့ ပေးဖို့ဖြစ်ပါတယ်။သူ့ ရွေးချယ်မှုက " ကောင်းစီရွာ" ဖက်ကိုသွားလို့ရရင်သွားကြည့်ချင်တယ်တဲ့။အို ကေ...ရတာ ပေါ့။အဲ့ရွာမှာကျနော့်် မိတ်ဆွေ တွေရှိပါတယ်။ပြည်- တောင်ငူကားလမ်းအတိုင်း ပျားထိုးကျွန်းရွာအထိသွား၊အဲဒီကမှ တောင်ဖက် မြေနီလမ်းအတိုင်းသ ပြေတုန်း-ထူးပေါက်- ကောင်းစီ ဆိုတဲ့၊၆၄ လမ်းစဉ်ရဲ့ " ပီကင်း" ကို ၂ နာရီလောက်ကား တစီးနဲ့သွားကြတယ်။ ကိုသန်းဌေး ကပြည်သားဆို တော့ ရောက်တဲ့ပထမ ညမှာပဲ ဟောပြီး၊ကျနော်တို့ ကောင်းစီသွားမယ့် နေ့ ပြည်ကသူ့မိဘများထံသွားပါတယ်။ချစ်စရာကြီးက လည်းပွဲဆက်ရှိ သေးဆိုလား၊ပြန်သွားပါတယ်။ဘို ညို၊ကိုငြိမ်း ၂ဦးပဲဧည့်သည်ရှိတော့တယ် ပေါ့။ကျ နော့ရဲဘော်- နိုင်လွင်ချို( သူက ဘိုညိုနဲ့သရက်မှာအတူ နေခဲ့သူ)က ပထမ နေ့ကထည်းက ဘိုညိုနဲ့ လာအိပ်တာ၊ခုလည်းကျနော်တို့အထဲသူပါ ပါတယ် ပေါ့။ နောက်တ ယောက်က ကောင်းစီရွာသားစစ် ဗိုလ်ထွက်တယောက်၊သူကလည်းကျနော့်သူငယ် ငယ်ချင်းပါဘဲ။ရွာမှာသူ့အမျိုး တွေရှိတယ် လေ။ အဲ့နေ့က မှတ်မှတ်ရရ ဇန်နဝါရီလ(. ၁၂ )ရက် ပါ။၁၀ တန်းစာမေးပွဲအချိန်ဇယားနဲ့ နီး နေလို့၊စာ ပေ ဟော ပြောပွဲမှာ လော်ကြီး တွေ မသုံးပါနဲ့လို့ အဲ့တုန်းကထွေအုပ်က မေတ္တာရပ်ထားခဲ့လို့၊မှတ်မိ နေတာဆိုပါ တော့။ကျနော်တို့ခပ်စော စောပဲထွက်လာတာဆိုတော့၊ ပဲခူးရိုးမအဝင်လမ်းက ဆောင်း နှောင်းနှင်းကန့်လန့်ကာ နဲ့ ဆို့ပိတ်ထားဆဲပါ။ငယ်စဉ်က တော့ ရွာပုအထိကားစီးပြီး၊ရွာပုကမှ တောင်ဖက် ချောက်ကြီးထဲဆင်းချ၊၅မိုင်လောက် တောင် ကျော လေး တွေနဲ့ကွင်းတချို့...ခြေလျင်ဖြတ် လျှောက်မှ ကောင်းစီရာက်တာ။အခု ပျားထိုးကျွန်းရွာက လေးက ရွာပု/ကောင်းစီအလည် လောက်မှာရှိပြီး၊မိုးရာသီဆို အဲ့ရွာခေါင်းရင်းမှာရေစီးသန်တဲ့ ဘ မောင် ချောင်းကို၊ပေါလောကြီးနဲ့ဒိုက်ပုံဖြစ် နေတဲ့စီရရီကျွန်းသစ်တွေ ပေါ် ခုန်ခုန်ပြီးဖြတ်ကူးခဲ့ရတာ ပေါ့။ တောင်နဝင်းဆည်ရှောင်လမ်းကြီးဖောက်ပြီးမှဒီလမ်းပေါ်မရောက်ဖူးသေး။မရောက်ဆို သည်ဖက်ရွာတွေကိုမရောက်ဖြစ်တာ ၁၉၉၀ လောက်ကစလို့ခုထိ ဆိုတော့၊ဆယ်စုနှစ် ၂ ခု တောင်ကျာ် နေပြီ။အခု တော့စောစာစီးစီးနှင်း ဝေတဲ့ ဆောင်းမနက်မှာ၊ဘိုညိုနဲ့အတူတူ။ မြို့က အရှေ့ဖက်ပြည်တောင်ငူကားလမ်းအတိုင်းစထွက်လာပြီး ၂ မိုင် ကျော် ကျော် လောက်မှာ ခြေလျင်တပ်ရင်းတခုရှိတယ်။အဲ့စစ်တပ်ဂိတ်အ လွန်ကထည်းက .....ကျနော့်အတွက်စိမ်းသွားပြီ။ အရင်ကဆိုအဲ့ဂိတ်ကိုအလွန် ခပ်စောက် စောက် တောင်ကုန်းအတက်တိုတိုလေးကိုတက်၊ကျွန်းပင် တွေနဲ့တောင် ကျောကလေးအတိုင်းအရှေ့ တောင်ဖက်ကိုဆက်သွား၊ပြီးတော့ခပ်နိမ့်နိမ့်လယ်ကွင်း ကလေးထဲဆင်း.....နောက်ခပ် ပြေပြေအတက်ရှည် ရှည်က လေးတက်၊အ ရှေ့ဖက်ဝါးရုံ နဲ့ကျွန်းပင်ကလေး တွေကြားရောက်ရင်၊ စမ်းစုရွာကလေးကို မြင်ရပြီ။စစ်တပ်ဂိတ်နဲ့ဆို တမိုင်။အဲ့ရွာကဆက် သွား တော့ တမိုင်လောက်မှာမြို့တောင်ရွာ၊ပြီး တော့အိုးတင်းကုန်းရွာကို ဖြတ်၊မြို့တောင်က ၃ မိုင် အကွာမှာ ၁၉၆၆/၆၇ ကာလများကနာမည် ကျော် ရွာပုရွာကိုရောက်ပြီ။ကျနော်ကရွာပုမှာမူလတန်းပြဆရာလုပ်ခဲ့ပြီး၊အဲ့ဒီ အဆင်းအတက်ထူတဲ့ ၇ မိုင် ခရီးကို မောင်ဗမာစက်ဘီး လေးနဲ့ နေ့စဉ်အသွား အပြန်နင်းနေကျဆို တော့၊လမ်းတ လျှောက်ကို အလွတ်ရနေခဲ့တာ။အဲ့၇မိုင်ခရီးမှာ တောင်ကြား ချောင်းနက်နက်၂ ခုကိုဖြတ်ထားတဲ့ တံတားကြီး ၂ စင်းဖြတ်ရသေး။မြို့တောင် ရွာထိပ်မှာတစင်း၊အိုးတင်းကုန်းရွာထိပ်မှာတစင်း ....ပေ ၃၀၀ နဲ့ ပေ ၅၀၀ လောက်...ဘေလီ သံတံတား တွေ။အဝါနဲ့အနက် ဆေးသုတ်ထားတဲ့ သံတံတားရှည်ရှည်တွေ တောင်ကြားကသစ် တောစိမ်းစိမ်းကြားမှာ...တံတား အောက်က ချောင်းကလေး တွေက နွေခါဆို ရေစီး ကြောင်းကလေးတခုလိုပဲ။ ညပိုင်း လသာ ညတွေများအဲ့တံတားတွေဖြတ်ရတဲ့အခါဆို၊တံတားအလည်မှာစက်ဘီးရပ်ပြီးတိတ် ဆိတ်တဲ့ တော တောင်နဲ့ လရောင် အောက်မှာနှင်းစို ပြီးဖိတ်ဖိတ် တောက် နေတဲ့တံတားရှည်ကြီးကိုကြည့်ရတာတကယ့်နှစ်ခြိုက်စရာ၊ခုထိတောင်စိတ်မျက်စိထဲမြင် ယောင်မိပါရဲ့။ အခု ဘိုညိုနဲသွားတဲ့အခါတော့၊အခုန စစ်တပ် ဂိတ်အလွန်မှာကထည်းက....စက်ဘီးကိုမတ်တပ်ရပ်နင်း တက်ရတဲ့ခပ် စောက် စောက်အတက်တိုတို...တောင်တက် ကျောက်ခင်းလမ်းမညီမညာ လေးကို၊အ တော်ပြေ အောင်ညှိထားပြီး ဟိုးတောင်ဖက်တည့် တည့်ကို ေကွ့ချထားလိုက်ပြီ။အဲ့ကစပြီးကျွန်းပင် တွေလည်းခါတိုင်းလိုမရှိ တော့။တရပ်တရွာကို ရောက်သွားသလို ကျနော့်အတွက်မြင်မှတ်တွေ ပြောင်းသွားပြီ။မကြာမီပဲလမ်းဘေးဆိုင်းဘုတ်က ရွာပုရွာ....တဲ့။ဟား....ရွာပုရွာ ဟောင်းကို ဒီအနား လာ ရွှေ့ ပေးထားတာကိုး။စမ်းစုမရောက်မီကို ပဲ ရွာပု ရောက် နေပြီ။လမ်းမကြီးဘေးမှာခပ်ရှည် ရှည်ရွာဖြစ်နေပြီ။ကားကခပ်မှန်မှန်ဆက်လာ တော့နှင်း မကွဲတကွဲမှာ ရွာတရွာထပ် တွေ့။ဆိုင်းဘုတ်က ပိန္တော ရွာ။ဟိုတုန်းက စစ်တပ်ရဲ့ တောင်ဖက်တည့်တည့် ဝါးရုံတောစိတ်စိတ်နဲ့ကျွန်းပင်၊သစ်ရိုင်းပင် တွေ ကြား ၂ မိုင်သာသာလှည်းလမ်းကလေးက နေ ခနခန ခြေလျင် ရောက်ခဲ့၊နေခဲ့နားခဲ့တဲ့ ရွာ။ပိန္တောအလွန်၂ မိုင် လောက်မှာ ထောင်ရ၊ထောင်ရရွာ မြောက်ဖက်လမ်းနဲ့မလှမ်းမကမ်းမှာ မျှားပြထား တဲ့ရွာဆိုင်းဘုတ်က ဇွဲကွင်း တဲ့။အိုး....ဒီရွာ လေးက အရင်ဆို စစ်တပ် မြောက်ဖက်၊တောင်နဝင်းနဲ့တင်ကျီး ချောင်းဆုံ၊ဖုန်းဆိုးတောတချို့အလွန်မှာရှိခဲ့တာ၊ခု တော့တောက်ဖက်အ ဝေးကြီး ရွှေ့ နေရာချ ပေး ထားတာကိုး။ ညောင်ကုန်းရွာထိပ်ရောက် တော့ နှင်းကွဲပြီ။လမ်းမကြီးအနောက်ဖက်ခပ်လှမ်း လှမ်း မှာ၊ဒီဖက်တ ကျော စည်ကားတဲ့ရွာကြီးတခု၊အ နောက်ဖက်ကိုနိမ့်ဆင်းသွားတဲ့ တောင် ကျောတ လျှောက်မှာ သစ်ပင် ေတွနဲ့အုပ်အုပ်ဆိုင်းဆိုင်း။ဟိုး တုန်းကဆို ဒီရွာလာရင်၊လုံခြုံရေးယူပြီးမှလာခဲ့ရတာ။စစ်တပ် တောင်ဖက်ဆင်းကထည်းက ကျည်ကွယ်မျက်ကွယ်တော ေတွကခပ်ထူထူ၊ရွာသစ်၊ ပိ ေန္တာ၊ ထောင်ရ၊ပြီးမှညောင်ကုန်း.....မြို့ကနေ ညောင်ကုန်းထိ ၆ မိုင် ခြေလျင်။အခုတော့...ရွာ ထိပ်မှာပြည်တောင်ငူကားလမ်း။နေမပြူတပြူမှာဆက် မောင်းလာ တော့၊လမ်းနဲ့မနီးမဝေးရွာကလေး တွေ မြင်ရ သေး၊အမည် တွေမမှတ်မိ တော့။မြင်မှတ်က လုံးဝပြောင်းနေပြီ၊ဘာသစ်ပင် ဘာဝါးရုံ တောမှ မရှိတော့။နေရာတချို့မှာ ကွမ်းခြံ တွေ။တောင်နဝင်းဆည်ရေ ရောက်တဲ့ဘေးဖက်က လယ်လျှိုဖျားကုန်း စောင်း တွေက၊အခု တော့သိတ်ကောင်းတဲ့ကွမ်းခြံများဖြစ်နေတာ တွေ့ရတယ်။သိတ်မကြာမီပျားထို့းကျွန်း ရွာကိုရောက်တယ်။လမ်းမကြီးဘေးမှာအိမ်ကြီးအိမ် ကောင်း တွေလည်းမနည်းလှဘူး။အစက ချောင်း ဘေးကရွာက လေးဟာ၊အခုတော့ကွမ်းခြံအများဆုံးရှိတဲ့ရွာဖြစ် နေပြီး၊အနီးအနားရွာများကကွမ်းခြံများကကွမ်း တွေပါအဲ့ရွာမှာဒိုင်ဖွင့်သိမ်း၊ပြီးမှတဆင့်မြို့ကိုပို့ကြသတဲ့။ရွာထဲကအများစုဟာကွမ်းနဲ့စီးပွားဖြစ်ပြီး ကားပိုင် တွေဘာတွေ တောင်ရှိ နေပြီ။ ကျနော်တို့ဟိုင်းဂျက်ကား လေးဟာ ပျားထိုးကျွန်း ရောက် တော့၊ပြည်- တောင်ငူကားလမ်းက နေ တောင်ဖက် မြေနီလမ်းကိုဆင်းလိုက်ရပါတယ်။ေတောင်ဖက် လယ်ကွင်းတွေ၊ကုန်းခပ်နိမ့်နိမ့် လေး တွေကို တနာရီ လောက်ဖြတ် လိုက် တော့၊ရိုးပြတ် တော တွေရဲ့မျက်တကမ်းမှာကောင်းစီရွာကြီးကိုလှမ်းမြင်ရပါပြီ။ကောင်းစီမရောက်မီလမ်းအ ရှေ့ဖက်မှာသ ပြေတုံး၊မလှမ်းမကမ်းမှာထူးပေါက်ရွာ တို့ကိုမြင်ရပြီး၊သ ပြေတုံးရွာဆိုငှက် တောကြီး တွေ ဝိုင်းလို့။ဟိုတုန်းက သိတ်ရေခေါင်တဲ့ရွာ တွေ....အခုတော့ အောက်ဖက်ကဆည် ရေအဖျားခတ်ပြီး၊ငှက် ပျောစိုက်ရ လောက် ေအာင်စမ်း ပေါက် နေပြီဆိုပါ့။ရွာပါတ်လည်မှာ ရော၊ကောင်းစီတောင်ဖက် ဒုံ တောင် ကျောဖက်မှာရော၊ ထူး ပေါက်အ ရှေ့ မြောက်ခတ်ယွန်းယွန်း ဟိုး......တောင်လည်၊ဇီးကုန်း ရွာများထိဆက် နေတဲ့ ဆတ်ရိုး တောင် ကျောကြီးမှာရော....ဘာသစ် တောဝါး တောမှမမြင်ရ တော့။ဟိုးတုန်းက ဒီတောဒီတောင်တွေထဲမှာသူပုန် ( ဗမာပြည်ကွန်မြူနစ်ပါတီတပ် တွေ)တွေ စခန်းချနေထိုင်ခဲ့တာဖြစ်ပေမယ့်၊အခုတော့....သူပုန် ဝေးလို့ ယုန် တောင် နေလို့ရတဲ့ တောမရှိ တော့ပါဘူး။ကိုငြိမ်းကလမ်းတ လျှောက် နိုင်ချိုနဲ့စကားတပြောပြော၊ကျနော့်ကိုလည်းဟိုမေးသည်မေးရှိပေမယ့်၊ကိုငြိမ်းချမ်းက တော့ငြိမ်လိုက်လာရင်း ဟိုဟိုသည်သည်ကြည့်လို့။၆၄ လမ်းစဉ်ကာလ ဘဝဟစ်တိုင်လှုပ်ရှားမှုဇာတ်ခုံ ပဲခူးရိုးမကြီးကို ငေးရင်း၊ကိုစိုးဝင်းတယောက်ကိုပဲမြင်ယောင်နေလေသလားတော့မသိ။ရိုး ခြေက ကောင်းစီတ ကျောကတော့၊၁၉၆၀ ခုနှစ်များက တောကြီးမြိုင်ကြီးမျိုး ဝေးလို့၊ ၁၉၇၀ ခုနှစ်များက ကျနော်သွားလာခဲ့ တဲ့ တောမျိုး တောင်မျိုး တောင်မရှိတော့။မျက်စိလည်လမ်းမှားနေတယ်ထင်ရ လောက် အောင်ပင် ပြောင်တလင်းခါနေပြီ။ ကောင်းစီရွာကို မြောက်ဖက်ကဝင်ခဲ့ တော့၊ရွာထဲမဝင်မီ လယ်ကွင်းစပ်မှာ အဝီစိ ရေတွင်းတတွင်း ၊ကူဘိုတာအင်ဂျင်နဲ့ ရေတင် ေနတာ တွေ့မြင်ရတယ်။ အိုး....မိုးရာသီဆို ရွှံ့ဗွက်တွေ၊ နွေအခါဆို ဖုံတ သော သောနဲ့ ရေအလွန်ရှားတဲ့ ကောင်းစီ၊နှစ်စဉ် လုပ်တဲ့မိုး ကောင်းဘုရားပွဲဆို ဘုန်းကြီး ကျောင်းမှာတမံဆည် လှောင်ထားတဲ့ ရေ နောက် တွေကို၊အားလုံးဝိုင်းသုံးခဲ့ရတဲ့ ကောင်းစီ၊အခုတော့...ကူ ဘိုတာနဲ့အဝီစိတွင်း ရေတွေခတ်နေကြပါလား။ရွာထဲက တည်းမယ့်အိမ်ရာက် တော့ နံက်၉နာရီသာသာ လောက်ရှိသေး။ရွာထဲမှာလည်း လော်သံတညံညံနဲ့မို့၊ မေးကြည့်တော့မင်္ဂလာဆာင်တဲ့။ခန နားပြီး ရွာလမ်းတ လျှောက်ဟိုအနားသည်အနားလှည့်ကြ တော့လည်း၊ကိုငြိမ်းချမ်းစကားမဆို။သူ့ကင်မရာကြီးလွယ်ပြီးစိုက်စိုက် စိုက်စိုက်နဲ့၊ကောင်းစီရွာ မြေလမ်းအနှံ့ မှာ သူ့အစ်ကို ခြေရာတွေ ပေါ်၊သူ့ ခြေရာ တွေထပ်နင်းနေရတယ်လို့များ ခံစားမိ နေ တယ် ထင်ပါရဲ့။ တည်းအိမ်ပြန် ရောက် တော့ စာရေးဆရာ တွေ လာတယ်ကြားလို့အိမ်နားနီးချင်းအချို့ ရောက်နကြ၊ အစိတ်သုံးဆယ် တော့ရှိမယ်ထင်ပါရဲ့၊အမျိုးသမီးကအများစု။အဟား....သူတို့ကကိုငြိမ်းကိုပိုပြီးစိတ် ဝင်စား နေကြတာ။ရေ နွေးကြမ်းဝိုင်းထိုင် နေရင်းပဲ ဟော ပြောပွဲတခုလုပ်လိုက်ဖို့သ ဘောရကြတယ်။ ဒါနဲ့....ကျနော်ကအနည်းငယ်မိတ်ဆက် ပေးပြီး၊သူတို့နှစ်ယောက် နာရီဝက်စီ လောက် ဟောကြတယ်၊ကိုငြိမ်းကတော့....ကဗျာတပုဒ်၊အသံနေအသံထားနဲ့ရွတ်ပြတာ.....ကောင်းမှ ကောင်း။ကဗျာကိုမမှတ် မိလို့အခုမ ဖော်ပြနိုင်တာက ကျနော့်ညံ့ဖျင်းမှု။အပြန် ခရီးကတော့ ထုံးစံအတိုင်း ပိုမြန်တယ်ဆိုပါ တော့။နေ့လည်စာစားချိန် မှာ ပေါက်ခါင်းကိုပြန် ရောက်ပြီး၊လူငယ်များစီစဉ်ထားတဲ့ " အောင် မြေ " မှာစားကြ၊အနားကအိမ်ကလေးမှာနားရင်း၊ညီပုလေးရဲ့ ကောင်းစီခရီးကို...နိဂုံးချုပ်လိုက်ပါတယ်။ စာကြွင်း။ PYMA ကိုလည်း ၂၀၁၂ နှစ်ကုန်ပိုင်းမှာရပ်နားလိုက်ပါတယ်။အရပ်သားအစိုးရကြီးက အရပ်ဖက်အဖွဲ့အစည်း တွေကို မှတ်ပုံတင်ကြရမယ်၊နှစ်စဥ်ကြေး သုံးသိန်း ပေးရမယ်....ဆိုလာ တော့။
AUNG NI
Saturday, October 31, 2026
Thursday, October 29, 2026
မှတ်မိသမျှ.............. ......................အပိုင်းအစကလေးများ (၃) ၁၉၆၅...၆၆...၆၇ ကာလများကိုပြန်အမှတ်ရမိသမျှတော့....အတော့်ကိုမပြေလည်တဲ့ကာလ၊ ဒုက္ခဆင်းရဲနဲ့အလွန်ကြပ်တည်းတဲ့ကာလဆိုးကြီးလို့သာဆိုချင်ပါတယ်။မြို့နယ်အရှေ့ခြမ်း..ပဲခူးရိုး မတောင်ခြေကျေးရွာတွေမှာဗကပရဲ့၆၄လမ်းစဥ်အရ..အာဏာနီတည်ဆောက်ရေးလှုပ်ရှားမှုတွေ ဖြစ်နေပြီး၊စစ်တပ်ကလည်းတပ်မ၇၇ တပ်မ၉၉ ကတပ်ရင်းတွေနဲ့ထိုးစစ်ပြင်နေပါတယ်။ရွာတွေမှာလည်းညအချိန်မတော်ဝင်ပြီးပေါ်တာဆွဲတာတွေလုပ်နေပါတယ်။ အဲ့တုန်းကမြို့နယ်သမဝါယမအသင်းမရှိသေးပါဘူး။အစိုးရရဲ့ ပပက လို့ခေါ်တဲ့ပြည်သူ့ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်းတွေက၊ကျေးရွာအုပ်စုအလိုက်ကုန်ပစ္စည်းများခွဲတမ်းနဲ့ ဖြန့်ချိနေတဲ့ကာလဖြစ်ပါတယ်။ဆန်ဆီဆားလဘက်ခြောက်ကအစစားသုံးကုန်အားလုံး၊အဝတ်အထည်အားလုံး...ကုန်သွယ်ရေးကပဲချုပ်ကိုင်ဖြန့်ချိနေတဲ့အချိန်ပါ။အစစအရာရာရှားပါးနေတဲ့ကာလဆိုးကြီးပါ။ ကျနော်မှတ်မိသလောက်၁၉၆၆...၁၉၆၇ စာသင်နှစ်မှာကျနော်က HSF ခေါ် SLC ခေါ် ၉ တန်းပါ။အဲ့နှစ်ကမိုးကလည်းအတော်ခေါင်ပြီး..တောဖက်တွေမှာလည်းမငြိမ်မသက်ဖြစ်နေတော့၊သစ်ခုတ်ဝါးခုတ်ကအစအလုပ်အကိုင်ပါးရှားပြီးအားလုံးလိုလိုဆင်းရဲကြပ်တည်းကြပါတယ်။ဆန်စျေးကလည်းတတင်းကို၈၀ကျပ်ဆိုတော့၊အမေတို့အဖေတို့ဘယ်တုန်းကမှမကြုံဖူးတဲ့စျေးလို့ဆိုကြပါရဲ့။ ကျနော့်အဖေမှာစပါးစိုက်လယ်မြေက...သူ့များအစွန်းထွက်လောက်ရှိပြီး၊နေရာကလည်းရွာနဲ့နီးပေမယ့်အလွန်ရေခေါင်ပါတယ်။တကယ်တော့အဖေ့အဖြစ်က လယ်လုပ်ကွက်အနည်းငယ်သာရှိပြီးလယ်ကူလီပါလုပ်ရတဲ့၊တဝက်တပျက်လယ်သမားတဝက်တပျက်လယ်ကူလီပါ။မိုးဦးခေါင်ခေါင်၊မိုးနှောင်ခေါင်ခေါင်...မိုးနည်းနည်းခေါင်ကို၊ကျနော်တို့လယ်ကွက်ကလေးကတံစဥ်လွတ်ဖြစ်ရတာပါဘဲ။အဲ့တော့ ၁၉၆၆..၁၉၆၇ကာ လတွေမှာ မိုးဆက်တိုက်ခေါင်တာကြောင့်လုပ်ကွက်အတော်အတန်ရှိတဲ့သူတွေတောင် မိုးလည်လောက်မှာဝမ်းစာပြတ်ကြရပါတယ်။အစကထည်းကဝမ်းစာအပြည့်မထည့်နိုင်ပဲမတ်တတ်လုပ်မတ်တတ်စား..လယ်ကူလီတပိုင်းတွေ၊လက်လုပ်လက်စားတွေ၊လယ်ကူလီတွေအဖို့ပိုပြီးဆင်းရဲငတ်ပြတ်ပြီပေါ့။ပြောင်းဖူးပေါ်ချိန်မိုးလည်လောက်(Jul...Aug)မှာ၊မိသားစုအတော်များများ...ဆန်ကိုပြောင်းနဲ့ခုပြီး ထမင်းအဖြစ်အပွားခတ်ချက်စားကြရတဲ့အဖြစ်မှာ၊ကျနော်တို့မိသားစုလည်းခြွင်းချက်မဟုတ်ပါဘူး။ပြောင်းဖူးစေ့နဲ့ဆန်...တဝက်စီလောက်ရောချက်ထားတဲ့ ပြောင်းထမင်းကိုရက်သတ္တပတ်အတန်ကြာစားခဲ့ရပါတယ်။ဟင်းသီးဟင်းရွက်ကတော့မိုးရာသီကာလဆိုကျနော်တို့ခြံထဲမှာအတော်စုံပါတယ်။ အဲဒါရောင်းပြီးဆန်ဝယ်စားရတာဘဲဟာ။ပြောင်းရောထမင်းစားရပေမယ့်၊ခရမ်းချဥ်သီးငပိချက်၊ခရမ်းသီးနှပ်၊ရွှေဖရုံသီးချက်၊ပဲသီးကြော်၊ချဥ်ပေါင်ဟင်း...စတာတွေတော့ပေါပေါသီသီစားနိုင်တယ်ဆိုရမယ်။အဲ....ဆီကတော့ပါတယ်ဆိုရုံလောက်ပေါ့။ ဒါပေမယ့်....ကျနော့်မိဘများကကျနော့်ကိုတော့ကျောင်းဆက်ထားဖြစ်အောင်ထားပါတယ်။စပါးကြိုတင်ပေး၊ကောက်ရိတ်ခကြိုတင်ပေး၊နွားကျောင်းခ....စတာတွေယူပြီးဖြစ်ညှစ်ကြိုးစားကျောင်းထားပေးတဲ့အဖေတို့စေတနာကိုတရံမလတ်အမှတ်ရလျက်ပါ။အဲ့တုန်းက၈..၉..၁၀ တန်းတွေဆိုကျောင်းလခပေးရပြီ။ကျောင်းသုံးစာအုပ်တွေကလည်းဝယ်ရတော့၊များသောအားဖြင့်..မိမိထက်တနှစ်စောတဲ့စီနီယာကျောင်းသားအတန်းတက်သွားရင်၊သူ့ဆီကပြဌာန်းစာအုပ်တွေကိုမူလစျေးတဝက်နဲ့ပြန်ဝယ်သုံးရပါတယ်။၅ တန်းကနေ ၇တန်းထိ..အဲ့လိုပဲစာအုပ်ဟောင်းတွေပြန်ဝယ်သုံးခဲ့ရတာပါ။ကျနော်၈ တန်းရောက်တဲ့နှစ်မှာဝိဇ္ဇာ.. သိပ္ပံ..စခွဲတော့၊တနှစ်စောပြဌာန်းစာအုပ်ဝယ်သုံးလို့မရတော့ပါဘူး။အားလုံးအသစ်ဝယ်ရတော့ကျနော့်အဖေကံဆိုးပြီပေါ့။ကျောင်းသုံးစာအုပ်အသစ်ဖိုးရဖို့အတော့်ကိုကြိုးစားလိုက်ရတယ်ဆိုရမယ်။ အဲ့ခေတ်ကကျောင်းဝတ်စုံကအခုလိုအဖြူအစိမ်းပါဘဲ။ကျနော်ပြောတဲ့၉တန်းနှစ်မှာ ကုန်သွယ်ရေးက....ကျောင်းအလိုက်ပုဆိုးအစိမ်း(မိန်းကလေးဆိုအထက်ဆင်တတ်ထဘီလုပ်ဝတ်ပေါ့)တွေရောင်းပေးပါတယ်။ဒါပေမယ့်အလုံအလောက်မပေးလို့အတန်းထဲမှာအတန်းအလိုက်ရတဲ့အရေအ တွက်ကိုမဲနှိုက်ရပါတယ်။လူဦးရေရဲ့တဝက်လောက်ပဲရတယ်ထင်ပါတယ်။ဒါပေမယ့်ဝယ်ခွင့်ရတဲ့သူက..နောက်နေ့ချက်ခြင်းဝယ်ယူရမှာပါ။ ကျနော်မဲပေါက်တယ်ဆိုပါတော့။ပုဆိုးဖိုးက ၁၄ ကျပ်လား ၂၄ ကျပ်လားမမှတ်မိတော့ပါဘူး။ကျောင်းဆင်းလို့အိမ်ရောက်တော့ပုဆိုးစိမ်းဝယ် ခွင့်မဲပေါက်ကြောင်း၊မနက်ဖန်လက်ငင်းပေးချေဝယ်ရမှာဖြစ်ကြောင်း...အမေ့ကိုပြောတာပေါ့။ ပြောသာပြောရတာအဲ့လောက်ပိုက်ဆံဘယ်ထွက်လာပါ့မလဲ....အသိသားပေါ့။ရွာထဲကသီးနှံ/လုပ်အားခကြိုတင်ပေး..ပေးတဲ့သူဆီကလည်း ကျောင်းဖွင့်စကကျောင်းအပ်စရိတ်အတွက်ယူထားပြီးသားဆိုတော့ဘယ်ထပ်ရတော့မလဲ။ကျနော်တို့လယ်ကစပါးဘယ်လောက်ပဲရနိုင်မယ်ဆိုတာသူကသိပြီးသားလေ။ကျနော်ကလည်းပုဆိုးစိမ်းအသစ်ရမှရယ်လို့လည်းမပူဆာပါဘူး။ရှိတဲ့အစိမ်းဟောင်းလေးနဲ့အခြားဝတ်စုံဟောင်းများနဲ့...အပတ်လည်အောင်ဝတ်လို့ရပါတယ်။အိမ်ခြံကလည်းဟင်းသီးဟင်းရွက်သိတ်မထွက်သေးဘူး။ပဲသီး၊ခဝဲသီး၊သခွားသီး၊ခရမ်းသီး.. တွေအထွက်လှိုင်လာရင်...တပတ်လောက်ရောင်းစု...ရနိုင်ပါတယ်။အခုတော့ဇူလိုင်လောက်မှာကအထွက်မလှိုင်သေးဘူးရယ်။ နောက်တနေ့.....ကျောင်းမှာအတန်းပိုင်ဆရာကိုမိမိအကြောင်းပြောပြတာပေါ့။ဆရာကလာအိမ်ခနလိုက်ခဲ့...ခေါ်တော့သူ့အိမ်လိုက်သွားရတယ်။ဆရာကကျောင်းရှေ့လမ်းမကြီးဟိုတထက်မှာအိမ်ငှားနေတာ....တကယ့်အနီးကလေးပါဘဲ။ သူ့အိမ်ရောက်တော့ဆရာကကျသင့်တဲ့ပုဆိုးဖိုးကျနော့်ကိုပေးပြီး၊ကျောင်းခန်းတခုမှာပုဆိုးလာရောင်းပေးနေတဲ့ပပကဆိုင်မှာပုဆိုးသွားဝယ်စေတယ်။မင်းအဆင်ပြေမှပြန်ပေးပေါ့.....တဲ့။ကျနော်ဝမ်းလည်းသာကျေးဇူးလည်းတင်လိုက်တာပြောမပြတတ်အောင်ဘဲ။အိမ်ကျအမေ့ပြောပြ၊ အမေကလည်းဝမ်းသာကျေးဇူးတင်....ပေါ့။ အဲ့အတွင်းတိုင်ထောင်ပဲလေးတွေလည်းအထွက်လှိုင်လာတော့၊အမေစျေးထွက်...ပဲသီးဖိုးလေးတွေစု၊နှစ်ပတ်လောက်ကြာတော့ပုဆိုးဖိုးပြည့်၊ဆရာကိုပြန်ပေးရမှာပေါ့။တနေ့...ကျောင်းကိုစောစောထွက်လာပြီးဆရာငှားနေတဲ့အိမ်ထဲဝင်ဆရာ့ထံကယူငွေကိုပြန်ပေးတော့၊ဆရာကမယူဘူး။အင်္ကျီဝယ်ဝတ်လိုက်ပါကွာ...ဆရာကမင်းကိုကူညီတာပါ။မင်းအမေကိုပြန်ပေးလိုက်..တဲ့။ကျနော်ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။တကယ်အခက်အခဲတွေ့နေစဥ်မှာချေးငှားရုံမက ပြန်ပေးတာတောင်မယူတော့တဲ့...ဆရာ။ကျနော်ဘယ်တော့မှမမေ့ပါဘူး။မိမိတို့မြို့ကပြောင်းသွားပြီးဘဝပင်လယ်မှာဆရာလည်းကြုံသလိုမျော ကျနော်လည်းကြုံသလိုမျော။မိမိသားသမီးများကိုလည်းအဲ့အဖြစ်ခနခနပြောပြဖြစ်ပါရဲ့။ဆရာ..ဆရာမတွေဖြစ်နေတဲ့မိမိသားသမီးများကိုတော့ဆရာဆိုတာဘယ်လို....စသည်ဖြင့်ပေါ့။ဆရာကဓာတုဗေဒသင်ပြီး...ဗေလင်စီညှိရတဲ့အီကွေးရှင်းဆွဲနည်းကို၊နားမလည်လည်အောင်၊မတတ်တတ်အောင်သေးပေးခဲ့တာ..သူ့တပည့်တိုင်းအမှတ်တရရှိကြပါရဲ့။ နှစ်ပေါင်းများစွာကြာ......လို့၊မိမိတို့အထကသက်ကြီးအာစရိယပူဇော်ပွဲတခုမှာ၊ဆရာလည်းအသက်၆၀ပြည့်..အငြိမ်းစားယူလို့...လာကန်တော့ခံမှပြန်တွေ့ရပါရော။မိမိကိုယ်မိမိကျောင်းသားအရွယ်ပြန်ဖြစ်သွားသလိုတောင်ခံစားမိသွားတယ်။ခါတိုင်းအမှတ်ရတဲ့အခါဆရာ့ကိုအမှတ်ရအလေးအမြတ်ပြုကန်တော့ခဲ့တာ၊အခုတော့လူကိုယ်တိုင်တွေ့ရ၊စကားပြောရ၊ကန်တော့ရတာ...တကယ့်ကိုဝမ်းသာကြည်နူးရတယ်။ကွဲကွာသွားတာဆယ်စုနှစ်တွေအများကြီးရှိသွားပေမယ့်ဆရာကလည်းအသေအချာမှတ်မိတယ်။မိမိမျက်စိထဲမှာလည်း...ဆရာကအရင်ကလိုပဲတိုက်ပုံအင်္ကျီခပ်ပွပွ...ဘိုသီဘတ်သီပါဘဲ။ ၃နှစ်လောက်ဆက်တိုက်တွေ့ရဆုံရကန်တော့ခဲ့ရတာ၊ကိုဗစ်ဖြစ်တဲ့နှစ်ကတော့...သူငယ်ချင်းမတွေနဲ့ဆရာ့အိမ်အရောက်သွားကန်တော့ခဲ့ပါသေးရဲ့။ဆရာက...ပေါင်းတလည်မှာနေတာလေ၊အမည်က...ဦးခင်ဖေ တဲ့။ကိုဗစ်ဖြစ်တဲ့နှစ်ကစပြီးခေတ်အခြေအနေအရ....အထကသက်ကြီးအာစရိယပူဇော်ပွဲမလုပ်နိုင်တာ..အခုထိဆို၄နှစ်လောက်ရှိပြီ။မိမိလည်းကျန်းမာရေးကတယ်မကောင်းတော့ပေါင်းတလည်ကဆရာ့ဆီမရောက်နိုင်တော့။ဆရာနဲ့မဆုံရတာကြာပြီဆိုပါတော့။ ဘဝတကွေ့မှာတကယ့်မမေ့နိုင်စရာအမှတ်တရဖြစ်ရတဲ့ကျေးဇူးရှင်ဆရာကို၊နောင်လည်းအမြဲအမှတ်ရနေရုံမက...အလေးအမြတ်ပြုကန်တော့လျက်ပါဆရာ။အခြေအနေအရပ်ရပ်ကောင်းလာရင်....ခါတိုင်းလိုပဲတပည့်ဟောင်းဆရာဟောင်းတွေပြန်ဆုံနိုင်ကြတဲ့အထိ၊ဆရာရောတပည့်ပါသက်ရှည်ကျန်းမာရှိပါရစေလို့ပဲ..ဆန္ဒပြုမိပါရဲ့။ 
Thursday, October 22, 2026
အောက်တိုဘာလ ၂၂ ရက်၊၂၀၂၆ . မနေ့ညက Audiobook တခုနားထောင်နေရင်း ၁၀နာရီမထိုးမီအိပ် ပျော်သွားတယ်။နားထောင်နေတဲ့ Tablet က ၁၀:၃၀ ဆို Auto stop သူ့ဖာ သာပိတ်သွားအောင်လုပ်ထားတာ။မနက်ကျ ၄ နာရီသာသာလောက်မှာနိုး လာတယ်။ခါတိုင်း ၆နာရီနီးမှနိုးတာ၊ညက စောစောအိပ်ပျော်လို့ အခုမနက် ခါတိုင်းထက်စောနိုးတာပေါ့။အိပ်ယာထဲမှာလှဲနေရင်း လောက်စပီကာသံ သဲ့သဲ့ကြားရတယ်၊သဲ့သဲ့ဆိုပေမယ့် တိတ်ဆိတ်နေတဲ့အရုဏ်မတက်မီကာလ မို့ သဲသဲကွဲကွဲတော့ရှိတယ်။ပထမတော့ ကျေးလက်ဖေးဘရိတ်အဆိုတော်ရဲ့ သီချင်းသံ၊နောက်တော့ " ရပ်သစ်ကျေးရွာ ဆွမ်းလောင်းပွဲတော်............" စသည်ဖြင့်။ဪ.....မြန်မာပြက္ခဒိန်အရ ဒီနေ့ သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ပါလားလို့ အာရုံပြုမိသွားတယ်။ . ကျနော်တို့မြို့လေးမှာ ဝါဆိုလပြည့်ကျော် ၁ရက်နေ့ကစလို့ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့ထိ၊ဝါတွင်း ၃ လပါတ်လုံးရပ်ကွက်အလိုက် အရုဏ်ဆွမ်းလောင်းလှူကြကြောင်း နဲ့ကျနော်တို့ငယ်စဉ်ဘုန်းကြီးကျောင်း သားအဖြစ်ဆွမ်းဝတ်ပို့ကြဆွမ်းခံခဲ့ကြပုံများကို အရင်တလောကကျနော်အ မှတ်တရ ရေးခဲ့ဖူးပါတယ်။ဝါတွင်းစောစောပိုင်းကာလတွေမှာမြို့ပေါ်ရပ် ကွက်များကပဲ အလှည့်ကျလောင်းလှူကြပေမယ့်၊ဝါတွင်းနောက်ပိုင်းရက် တွေမှာ မြို့နဲ့မနီးမဝေးရွာတွေက ကိုယ့်ရက်နဲ့ကိုယ်တာဝန်ယူလောင်းလှူ ကြပါတယ်။ကျနော်အမှတ်မမှားဘူးဆို တော်သလင်းလပြည့်ကျော် ၈ ရက်နေ့ အရုဏ်ဆွမ်းကစလို့ထင်ပါရဲ့။သီတင်းကျွတ်လဆန်း ၁၄ ရက် တောင်ရွာ၊ သီတင်းကျွတ်လဆန်း ၁၅ ရက်( လပြည့်နေ့) ရွာထောင်ဆိုတာတော့အတိ အကျမှတ်မိတယ်။ကျနော်တို့ကျောင်းသားတွေလည်း မြို့ထဲချည့်ချောင် လည်ချောင်ပတ်သွားနေရရာက၊ရွာတွေဆီသွားရတာကို သဘောကျကြ တယ်။ပျော်လည်းပျော်ကြတယ်။ . ကျနော်တို့ရွာကမြို့နဲ့အနီးဆုံးဖြစ်ပြီးအိမ်ခြေလည်း ၁၅၀ ကျော်ရှိ တော့၊ဝါလည်လောက်မှာပဲ မြို့ပေါ်ရပ်ကွက်များလိုအလှည့်ကျ ၂ကြိမ် လောက်တာဝန်ယူလောင်းလှူပါတယ်။ရွာအခေါ် ဘုံဆွမ်း လောင်းတာလို့ ခေါ်ပါတယ်။တရွာလုံး စုပေါင်းတာဝန်ယူတာပေါ့။တအိမ်ကို ဆွမ်းဆန် ဘယ်လောက်၊အလှူငွေဘယ်လောက်စသည်ဖြင့်လှည့်လည်ကောက်ခံစုဆောင်းပြီးမှချက်ပြုတ်လှူဒါန်းတာပါ။ခွဲတမ်းကျမကောက်ပါဘူး၊တတ် နိုင်သူကတတ်နိုင်သလောက်ထည့်လှူကြရတာမျိုးပါ။ကျနော်တို့ရွာကတောင် ပိုင်း၊မြောက်ပိုင်း၂ပိုင်းရှိတော့၊တပိုင်းတကြိမ်စီ ဘုံဆွမ်းလောင်းကြတာပါ။ . ဝါနှောင်းကာလမှာရွာတွေကလောင်းလှူတဲ့အရုဏ်ဆွမ်းလောင်းပွဲကို တော့ #တန်းကြီးလောင်း လို့ခေါ်ကြပါတယ်။စုပေါင်းတာဝန်ယူကြတဲ့ဘုံ ဆွမ်း....ရပ်ဘုံဆွမ်းမဟုတ်တော့ပါဘူး။ကိုယ့်အိမ်နဲ့ကိုယ် ဆွမ်းချက်ပါတယ်၊ဥပမာ....ကျနော်တို့အိမ်ဆို ဆန် ၂ ပြည်ချက်တယ်။ဟင်းလျာလည်းကိုယ့် အိမ်နဲ့ကိုယ်ချက်ပါတယ်.....ဥပမာ- - - ကျနော်တို့အိမ်ဆို ဝက်သား ၂ပိဿာ ချက်ပါတယ်။ဆန်းဖိုး၊ဟင်းဖိုး ကို ငွေပဒေသာပင် ၃ ခုလောက်စီစဉ်ပြီး၊ ဆွမ်းလောင်းပွဲမှာ ဘုန်းတော်ကြီးကျောင်းများကို မဲနှိုက်...နဝကမ္မအလှူငွေ ကပ်လှူတာမျိုးလည်းရှိပါတယ်။ဆွမ်းဟင်း၊ဆွမ်းထမင်း ချက်ပြုတ်ရမှာ အဆင်မပြေတော့ပဲ၊လက်ခွဲအဖော်အလှော်ငယ်ငယ်မရှိတဲ့သက်ကြီးရွယ်အိုမိသားစုများကလုပ်လေ့ရှိကြပါတယ်။ပဲဟင်းလို၊ချဉ်ရည်ဟင်းလိုအရည် သောက်ဟင်းနဲ့ငြုတ်သီးကြော်၊မျှစ်ချဉ်ကြော်စတာမျိုးကိုတော့ ရပ်ဘုံစုပြီး တော့ပဲချက်ပြုတ်လောင်းလှူပါတယ်။မနက်ဖန်အရုဏ်ဆွမ်းလောင်းမယ်ဆို ဒီနေ့လိုနေ့မှာဟင်းလျာအတွက်တနေ့လုံးစီစဉ်နေကြရတာပေါ့။များသော အားဖြင့်ရွာထဲက လူတချို့က ဝက်သားပေါ်ကြ၊လည်ရောင်းကြတာပါဘဲ။ ကောင်းမှုကုသိုလ်ပြုတဲ့နေ့မှာမှ သူတို့က ပါဏာတိပါတ ကံကျူးလွန်ပြီး ဝက်သတ်ကြတယ်လား.....လို့နှာခေါင်းရှုံ့ချင်စရာပေါ့နော်။ဒါပေမယ့်သူတို့စီစဉ် ပေးလို့ဒါနရှင်များ လှူဒါန်းဖြစ်ရ၊သူတော်ကောင်းများသုံးဆောင်တော်မူကြ ရတာမှလား။သာဓုခေါ်စရာမဟုတ်တောင် " မသာဓု" လည်းခေါ်လို့မဖြစ်ဘူး ဆိုချင်ပါရဲ့။ အရုဏ်ဆွမ်းလောင်းမယ့်နေရာကို အဲ့ညနေကထည်းက သန့်ရှင်း ရေးလုပ်၊စာပွဲထိုင်ခုံတွေချ။အခုလျှပ်စစ်မီးရလာပြီးတဲ့ကာလများကျတော့ မီးကြိုးတွေသွယ်၊ရောင်စုံမီးလုံးတွေချိတ်....ကာလသားတွေအလုပ်ရှုပ်ကြ တာပေါ့။ကျနော်တို့ရွာက တောင်မြောက်အရှည်ကြီးမှာ၊ပြည်-တောင်ငူကား လမ်းကရွာကိုထက်ပိုင်းဖြတ်ပြီးအရှေ့အနောက်ဖောက်ထားတာ။တရွာလုံး ကိုယ့်အိမ်ရှေ့ တောင်မြောက်ရွာလည်လမ်းမှာမလောင်းပဲ၊တရွာလုံးမော် တော်ကားလမ်းထွက် ....အရှေ့အနောက်တတန်းကြီးနေရာယူပြီးလောင်း လှူကြတာလေ။ဆွမ်းလောင်းမယ့်မနက်ကျ ၃:၃၀ လောက်ကထည်းက ဆွမ်း လောင်းမယ့်လုံမ ကြီးငယ်ရွယ်လတ် အားလုံး မီးထိန်ထိန်ကားလမ်းမမှာ သားသားနားနားလှလှပပဝတ်ဆင်ပြီး၊ညတုန်းကနေရာယူထားတဲ့စာပွဲခုံများမှာဆွမ်းလောင်းဖို့ပြင်ဆင်နေကြပြီ။ လျှပ်စစ်မီးမရသေးတဲ့ကျနော်တို့ငယ်စဉ်ကာလကတော့၊မီးကြိုးသွယ် ရောင်စုံမီးလုံးချိတ်တန်ဆာဆင်လို့ဘယ်ရမလဲ။ဒါပေမယ့်...တိုင်ထူ.သွပ်ကြိုးအ ရှည်ကြီးသွယ်တန်းပြီး၊ရောင်စုံမီးပုံးတွေချိတ် ဖယောင်းတိုင်ထွန်းခဲ့ကြတယ်။အရှေ့အနောက် ထိပ်ဖက်၂ဖက်နဲ့အလည်လောက်မှာ၊ရေနံဆီသုံး အောက်လင်းမီးအိမ်ကြီးတွေထွန်းထားလိုက်တာ ဝပ်၅၀၀ အားလောက်တောင်ရှိမယ်ထင်ပါရဲ့။မနက် ၄:၃၀ လောက်မှာဆွမ်းခံမယ့်ဘုန်းတော်ကြီးများ၊ကိုရင်များ၊ကျောင်းသားများစရောက်လာပါတယ်။ဆွမ်းလောင်းလှူမယ့်သူတွေက မီးရောင်အောက်မှာအရှေ့အနောက် ပေ ၃၀၀/၄၀၀ လောက်တတန်းကြီးတန်းစီလျက်ပေါ့။ကလေးတွေကလည်း အိမ်မှာဘယ်ချန်နေခဲ့မလဲ၊ မိဘတွေ အစ်မတွေနဲ့အတူအစောကြီးကထည်းက လမ်းမကြီးကိုလိုက်လာ ပြီး၊မနေ့တနေ့ကထည်းကဝယ်ထားတဲ့မီးပန်းတွေလွှတ်၊ဗျောက်အိုးတွေ ဖောက်နဲ့ တကယ့်ပွဲတော်ကြီး။အဝေးရောက်ရွာသူရွာသားတွေကလည်း အဲ့ဒီတန်းကြီးလောင်းကို တခုတ်တရပြန်လာဆုံစည်းကြ၊ပါဝင်လောင်းလှူကြတာပါ။က ထိန်ပွဲတွေဘာတွေတောင်အဲ့လိုပြန်မလာကြပါဘူး။ကျနော်လည်း ကလေးများသိတ်မကြီးကြသေးပဲ မိသားစုတစုတစည်းရှိချိန်က၊တန်းကြီးလောင်းရက်ဆို ပထမညကထည်းက အဖေနဲ့မောင်နှမတတွေရှိရာ ရွာကိုကြိုရောက်ပြီ။ညစာတပျော်တပါးချက်ပြုတ်စားကြပြီးနောက်တနေ့မနက် နှမများ၊သားသမီးများနဲ့အတူဆွမ်းလောင်းတဲ့အကြိမ်တွေမနည်းပါဘဲ။မှတ်မှတ်ရရ ၁၉၈၅ လောက်ထိထင်ပါရဲ့။သားသမီးများအတောင်အလက်စုံလို့ တနယ်တကျေးရောက်ကြ၊ကိုယ် တိုင်ကလည်းဘဝတွေပြောင်းခဲ့ရ..၊ပြီးတော့ဖခင်လည်းမရှိ၊ညီညီမတွေလည်းမစုံတော့တဲ့အခြေအနေ.........ဆိုတော့၊ဒီဖက်ပိုင်းတွေမှာစိတ်ကူးနဲ့ပဲရောက်ဖြစ်တော့တယ်။ပြောသာပြောရတယ်......အခုခေတ်လူမှုစီးပွားရေး အခြေအနေနဲ့ဟိုတုန်းကလောက်မစည်ကားမပျော်ရွှင်ကြရတော့ပါဘူး။ ရွာထဲမှာ လူစုံတက်စုံမိသားစုက ခပ်ရှားရှားမှလား။😮💨😮💨😮💨😮💨😮💨 အဲ့လိုတန်းကြီးလောင်းရက်က ကျနော်တို့ငယ်ငယ်ကထည်းက ပုံသေရက်ယူထားတာ ခုထိ။သီတင်းကျွတ်လဆန်း ၁၀ ရက် စိုင်ခေါင်း ရွာ၊၁၁ ရက် ရပ်သစ်ရွာ၊၁၂ ရက် သဖန်းချို၊ ၁၃ ရက် ဘန့်ပြင်၊ ၁၄ ရက် တောင် ရွာ၊၁၅ ရက် ရွာထောင်၊လပြည့်ကျော် ၁ ရက် မြို့ထဲကရပ်ကွက်တခုခု....။ အခုကျနော်ပြောခဲ့သလို ဆွမ်းရောဟင်းရော၊ကိုယ့်အိမ်နဲ့ကိုယ်ချက်ပြီးတန်း ကြီးလောင်းတဲ့ရွာက စိုင်ခေါင်း၊ရပ်သစ်၊သဖန်းချို (၃) ရွာပဲရှိတယ်။ကျန် တဲ့ရွာတွေက ကိုယ့်အိမ်နဲ့ကိုယ်ဆွမ်းပဲချက်လောင်းပြီး၊ဟင်းလျာကိုတော့ရပ်ဘုံပဲ စုဆောင်းကောက်ခံချက်ပြုတ်လောင်းလှူကြတယ်။ကျနော်တို့ငယ်ငယ်က စိုင်ခေါင်းရွာအလှည့်ကျတဲ့ရက်မှာ မိုးတွေကသည်းနေပြီး၊ရွာလည်က တောင်နဝင်းချောင်းကြီးကလည်းရေတွေလျှံ.....လို့။စိုင်ခေါင်းရွာကလည်း တောင်စု/မြောက်စုဆိုပြီး ၂စုကွဲနေတော့၊မြောက်စုကိုသွားတော့အဲ့နဝင်း ချောင်းကြီးဖြတ်သွားဖြတ်ပြန်ရတာပေါ့။ရွာက မြို့အရှေ့မြောက်ဖက် မနီးမဝေးလေးမှာရှိပြီး၊ဟိုတုန်းကအခုလိုမြေနီလမ်းမမရှိသေးဘူး။လယ်ကန်သင်း လမ်းတွေကပဲသွားရတာဆိုတော့၊ညကမိုးရွာထားပြီးမြက်ထူထူကြားက ကန်သင်းတွေကရွှံတွေနဲ့ချော.......လို့။နဝင်းချောင်းဖြတ်ရတော့ပိုဆိုးရော။ မြောက်စုဖက်ကိုပထမကူး၊ဆွမ်းခံပြီးတောင်စုဖက်ပြန်ကူး၊တောင်စုမှာဆွမ်းခံ.....အဲ့လိုအစီအစဉ်။မိုးကတညလုံးရွာပြီး အရုဏ်တက်ပြတ်နေလို့တော် သေး။လက်လှော်လှေကြီး၂စီးနဲ့ ဘုန်းကြီးတွေ၊ကိုရင်တွေ၊ကျောင်းသား တွေကို တင်တင်ပြီး၊ဟိုဖက်ဒီဖက်လှော်နေကြတဲ့ရွာသားတွေ...စောစောစီးစီး ချွေးတရွှဲရွှဲ၊ကမ်းပြည့်ချောင်းရေစီးကလည်း တဟဲဟဲ။ကမ်းနှစ်ဖက်မှာ အောက်လင်းမီးအိမ်ကြီးတွေချိတ်လို့၊ဓါတ်ခဲသုံးလက်နှိပ်ဓါတ်မီးတွေက လည်း ချောင်းကိုဖြတ်လှော်နေတဲ့လှေတွေနဲ့ချောင်းပြင်တခုလုံးတဝင်းဝင်း။ လူသံတွေရေစီးသံတွေဆူနေတဲ့ နဝင်းချောင်းဖြတ်ခရီးမှာ၊လှေတခါမှမစီး ဖူးတဲ့ကျနော်တို့တသိုက်ကတော့သပိတ်ကိုယ်စီပိုက်ရင်း....ဇောချွေးတွေထွက် အောင်ကိုကြောက်ရွံ့ စိတ်လှုပ်ရှားနေလိုက်တာများ၊အခုတောင်ပြန်တွေးကြည့်နေရင်း ခံစားမိရပါရဲ့။တောင်ဖက်စုပြန်ရောက်လို့ဆွမ်းခံပြီးမြို့ဖက် ပြန်မှပဲ သက်ပြင်းချဖြစ်ရတယ်။အမှတ်တရမှ တကယ့်အမှတ်တရပါ။အခု တော့ချောင်းကူးတံတားကြီးဆောက်ပြီးသွားပြီမို့၊ဆွမ်းခံသူများ....ကျနော် တို့ခံစားခဲ့ကြတဲ့ရသမျိုး၊ခံစားချင်လို့မှမခံစားနိုင်တော့ဘူးရယ်။😏😏😏😏 . ရပ်သစ်ကတော့ မြို့အရှေ့ဖက် ၂မိုင်လောက်ရှိမယ်။အခုတော့ကျောက် ခင်းလမ်းကရွာကိုအရှေ့အနောက်တိုးလျှိုပေါက်ဖေါက်ထားရုံမက၊ခပ်လှမ်း လှမ်းက တောင်နဝင်းဆည်ဘောင်ကြီးအထိရောက်.......လို့။ဟိုတုန်းကတော့ အင်းကျချောင်းမတိုင်ခင်ကထည်းက ရွာအရောက်၊မိုးရွာပြီးစဆိုတကယ့်ရွှံ့ဘွက်ထူတဲ့လမ်း။လမ်းဘေးတလျှောက်လည်း ပေါက်ပင်ကြီးတွေနဲ့၊လသာ ရက်ပေမယ့် မနက်စောစောကလ မသာတော့ဘူး။မှောင်မဲမဲလမ်းဆိုးဆိုးမှာ ရှားပါးကာလဆိုတော့ဓါတ်ခဲသုံးလက်နှိပ်ဓါတ်မီးကရှေ့ဆုံးကျောင်းသားကြီးလက်ထဲပဲရှိတာ။ကျောင်းသားအားလုံးနီးပါး သပိတ်ထဲမှာဖယောင်းတိုင်ထွန်း ပြီး၊မီးပုံးလေးတွေလိုလုပ်ကြရတယ်။ရွာထဲကျတော့လည်း လမ်းမကြီးမရှိ သေးတော့ရွာထဲမှာ ကိုယ့်အစုနဲ့ကိုယ် နေရာတခုစီမှာစုလောင်းကြတယ်။ ဥပမာ....ရွာမစု၊ကျွန်းတောစု၊ပိုးစာခင်း စသည်ဖြင့်ပေါ့။ရွာထဲကလမ်း တွေကလည်း အခုလိုမြေနီလမ်းမဟုတ်သေးတော့ မိုးရွာပြီးစဆို တကယ့်စိုစိစိ။ အခုတော့ ရပ်သစ်ရော၊စိုင်ခေါင်း၊သဖန်းချို.......လျှပ်စစ်မီးတွေရနေပြီ။ရပ် သစ်လည်း ဆည်သွားတဲ့ရွာလည်ကျောက်ခင်းလမ်းမှာ၊လျှပ်စစ်မီးတထိန် ထိန်နဲ့ တကယ့်တန်းကြီးလောင်းဖြစ်နေပြီပေါ့။ .... တောင်ရွာ၊ဘန့်ပြင်၊ဝက်တိုး၊ရွာထောင်စတဲ့ရွာတွေကျတော့ ရွာထိပ်က ဘုန်းတော်ကြီးကျောင်းမှာ ကြီးငယ်ရွယ်လတ်လုံမပျိုတွေ တန်းစီပြီးဆွမ်း ကိုယ်စီလောင်းကြတယ်။ဆွမ်းဟင်းက ကျောင်းဝင်းတနေရာမှာ ချိုင့်နဲ့ သွားထည့်ယူရတယ်။စောစောစီးစီး မီးရောင်အောက်မှာ ရောင်စုံတောက်ပနေတဲ့ တရွာလုံးကတော၏သမီးပျိုများကို တစုတစည်းတည်းတပျော်တပါးမြင် တွေ့ရတာဟာတကယ့်မင်္ဂလာရှိတဲ့ရှုခင်းပါဘဲ။အရွယ်ရောက်ဘုန်းကြီး ကျောင်းသားတွေ(အများအားဖြင့် အထက ကျောင်းသားတွေပါဘဲ)က လည်း၊အဲ့တန်းကြီးလောင်းရွာတွေဆို မနက်စောစောစီးစီး မွှေးကြိုင် တောက်ပနေအောင် တသသ လုပ်လာကြတာပါဘဲ။ခွင်ကြုံတုန်းစော စောစီးစီး " ရှိတ်" လိုက်မယ်ပေါ့။(ဟိုတုန်းက အပျိုတွေကို လူပျိုတွေ မျက်စိစာပွဲထိုင်တာကို" ရှိတ်" တယ်လို့ခေါ်တာ)ခါတိုင်းတွေမှာဆွမ်းဟင်းချိုင့်လေး လေးကြီးတွေဆွဲကြတဲ့ကျောင်းသားကြီးတွေဟာ၊အဲ့လိုရွာမျိုးတွေကျ ကျနော်တို့လက်ကသပိတ် သူတို့လက်ရောက်ရရော။သပိတ်ပိုက်ပြီးဆွမ်းခံမှ၊တန်းစီပြီးဆွမ်းလောင်းနေတဲ့ဘမီးထိန်ထိန်အောက်ကအပျိုတွေဆီရောက်ရမှာလေ။🌹🌹🌹🌹🌹🌹 . ဪ......မပြောမဖြစ်တာကျန်ခဲ့တော့မလို့။ရပ်သစ်၊စိုင်ခေါင်းနဲ့ သဖန်းချိုတန်းကြီးလောင်းတွေကို၊ဘုန်းကြီးကျောင်းတွေအမှတ်တရ ဖြစ်ရတာက၊တရွာတရွာကို ဝက်သားဟင်းက ၅ ပိဿာချက်လောက်ရတာကိုးဗျ။ သံဃာများတဲ့စာသင်တိုက် ဆို အဲ့ထက် နှစ်ဆသုံးဆကိုလောင်းလှူကြတာကလား။ကျွဲဘောင်ပင်ဆို အဲ့ရွာတွေရဲ့ တဝက်နှုန်းလောက်လှူကြတယ်။အ ခြားရွာတွေကတော့ အဲ့လောက်မရှိကြပါဘူး။နှိုင်းယှဉ်မှုအရသာ အနည်း အများပြောရတာပါ။တကယ်တော့ သီတင်းကျွတ်တန်းကြီးလောင်းအရုဏ်ဆွမ်းလှူပွဲဟာ၊ဗုဒ္ဓဘာသာကိုအထူးယုံကြည်ကိုင်းရှိုင်းကြတဲ့ကျေး တောနေတွေရဲ့ထုံးတမ်းစဉ်လာတခု၊မိသားစုတွေ၊ဆွေဆွေမျိုးမျိုးတွေ တမင်တပေါက်ဆုံစည်းကောင်းမှုပြုတဲ့မိသားစုအစဉ်အလာတခုမို့၊အခုလို ပြန်စဉ်းစားနေရတာနဲ့ကို ရင်ထဲမှာနွေးထွေးစွာခံစားမိရပါရဲ့။ .. ညနေကျ ကျနော်တို့ရွာမှာလည်း ခါတိုင်းလိုပြင်ဆင်နေကြမှာပဲ။ မနက်အရုဏ်ဆွမ်းလောင်းချိန် လျှပ်စစ်မီးမှလာပါ့မလား။လျှပ်စစ်မီးမ လာလည်း ဒီရက်ဒီအချိန်လေးတော့လင်းလင်းချင်းချင်းရှိအောင် ဓါတ်ဆီနဲ့ မောင်းတဲ့မီးစက်တွေကြိုရံထားကြမယ်ထင်ပါရဲ့။ညကျရင် ရွာဖက်က လောက်စပီကာဖွင့်သံသဲ့သဲ့ ကြားရကောင်းကြားရအုံးမလားဘဲ။အဖိုးကြီး ဖြစ်နေတဲ့မိမိကတော့ ငယ်စဉ်ကလိုကိုယ့်ဖာသာမှမသွားမလာနိုင်တော့၊ ဒီနှစ်ရွာတန်းကြီးလောင်းကိုလည်းမရောက်နိုင်တော့ပြီ။. ။ ....
Saturday, October 10, 2026
မှတ်မိသမျှ........... ....................အပိုင်းအစကလေးများ(၅) တောသလင်းလဟာမိုးနှောင်းပိုင်းအချိန်ဖြစ်ပြီးအလွန်ပူအိုက်စွတ်စိုတဲ့လ၊နေပူရင်သိတ်ပူ..မိုးရွာရင်လည်းသိတ်ကြီးတဲ့လဖြစ်ပါတယ်။ဘယ်လောက်ပူလဲဆိုရင်၊လယ်ကွင်းထဲကလယ်ပုစွန်တွေတောင်..လယ်ထဲကရေတွေပူလွန်းလို့သေပါသတဲ့။အဲ.....မိုးသည်းပြန်တော့လည်းလယ်ကန်သင်းတွေတောင်ကျီိုးပျက်ကုန်ပြန်ပါရော။ဒါကြောင့်...တော်သလင်းနေပုစွန်သေဆိုကြသလို၊တော်သလင်းမိုးကန်သင်းကျိုးလို့လည်းအမှတ်သညာပြုကြတာပေါ့။ကျနော်မှတ်မိသလောက်တော့ကျနော်တို့ဒေသမှာကန်သင်းကျိုးအောင်ရွာတာမျိုးကရှားပြီး၊ပုစွန်သေအောင်ပူလွန်းတာတော့အကြိမ်ကြိမ်ပါဘဲ။အချို့နှစ်တွေဆို..လယ်ထဲမှာပုစွန်ပါမကငါးတွေတောင်သေကြတယ်။သိတ်ပူပြင်းတဲ့တော်သလင်းတွေပေါ့။ အဲ့လိုသိတ်ပူပြင်းတဲ့တော်သလင်းရဲ့နေ့လည်ခင်းတွေမှာအမိုးအကာမဲ့၊အရိပ်တစုံတရာမရှိတဲ့ကွင်းထဲမှာချွေးဒီးဒီးကျအောင်အလုပ်လုပ်နေရင်း၊မိုးရွာမချလိုက်ပါနဲ့မိုးမင်းကြီးရယ်၊ဒီ့ထက်ပိုပူလို့ရရင်ပူလိုက်စမ်းပါအုံးနေမင်းကြီးရယ်လို့ဆုတောင်းရင်း၊မိုးအုံ့မှာစိုးလို့တိမ်ကြက်မတဝပ်စာတောင်ကောင်းကင်မှာမရှိစေချင်တဲ့...အလုပ်မျိုး၊အလုပ်ချိန်မျိုးရှိပါတယ်။ဘယ်လိုအလုပ်မျိုးလို့ထင်ပါသလဲ။ကျနော်ကိုယ်တိုင်အဲ့လိုစိတ်ဆန္ဒမျိုးနဲ့အဲ့လိုအလုပ်မျိုးကိုအကြိမ်ကြိမ်လုပ်ခဲ့ဖူးပါရဲ့။အဲဒါကတော့...နှမ်းခါချိန်ပါ။နှမ်းခါတဲ့အလုပ်ပါ။ မိုးဦးကျကာလကထွန်ယက်ကြဲပက်စိုက်ပျိုးခဲ့တဲ့နှမ်းဟာ၊ဝါခေါင်တော်သလင်းလောက်မှာအသီးတွေရင့်မှည့်လို့ရိတ်သိမ်းချိန်ရောက်လာခဲ့ပါပြီ။အခုကျနော်ကိုယ်တိုင်လိုက်ပါရိတ်သိမ်းခဲ့ရတဲ့တောင်ယာက၊အရင်တလောက...ယာထွန်ချိန်လိုက်ပါလုပ်ကိုင်ခဲ့ရတဲ့တောင်ယာမဟုတ်ပါဘူး။ပြည်တောင်ငူလမ်းမကြီးမြောက်ဖက်...ဟိုးအတော်ဝေးဝေးကနေရာတခုပါ။တောင်ဇင်းဝတောင်တန်းထဲကနေရာပါဘဲ။လမ်းမကြီးနဲ့ဆိုတမိုင်ကျော်ကျော်ရှိပါ့မယ်။ကမ်းနီရွာပျက်အနောက်ဖက်ကတောင်ကျောကြီးပေါ်မှာဖြစ်ပါတယ်။ နှမ်းရိတ်နှမ်းခါချိန်ဆိုတာ...ရက်ရွှေ့အချိန်ဆွဲလို့မရပါဘူး။နှမ်းသီးတွေဟာရင့်ပြီးရင်မှည့်၊မှည့်ပြီးရင်အသီးများကွဲအာလာပြီးနှမ်းစေ့တွေကအပြင်ထွက်ဖို့အသင့်ဖြစ်နေပါပြီ။အဲ့အချိန်မျိုးဆိုနေပူပူမှာအပင်ကိုထိကိုင်လိုက်တာနဲ့နှမ်းစေ့တွေထွက်ကျကုန်တော့တာပါဘဲ။နှမ်းစေ့မြေပေါ်ကျရင်ဘယ်လိုမှကောက်လို့မရနိုင်တော့ပါဘူး။ဒါ ကြောင့်...ရိတ်သင့်တဲ့အချိန်မှာနေ့ရွှေ့ညရွှေ့ ရွှေ့နေလို့မရပဲ၊အချိန်ကိုက်ရိတ်ကိုရိတ်ရပါတယ်။လုပ်အားလိုရင်လက်စားခေါ်တန်ခေါ်၊နေ့တွက်သမားငှားတန်ငှား...လုပ်ကြရပါတယ်။ နှမ်းသီးတွေအပြည့်အဝမမှည့်မီရွမ်းပြင်းအချိန်လောက်မှာရိတ်သိမ်းတာအဆင်ပြေဆုံးပါဘဲ။ နှမ်းရိတ်တဲ့အခါတံစဥ်ဖြတ်တဲ့အပေါ်ပိုင်းက အနည်းဆုံး ၂ ပေခွဲလောက်ရအောင်ရိတ်ဖြတ်ရပါတယ်။နှမ်းပင်ကလည်းအတော်ရှည်ပြီး၊ရိတ်ရတဲ့နေရာကလည်းတောင်ကမ်းပါးအတက်ဆို၊ဆွဲရမယ့်တံစဥ်က ရိတ်သူရဲ့ရင်ခေါင်းလောက်ဖြစ်နေတာပေါ့။အပင်ကိုအောက်ဖက်ကမရိတ်ပဲအထက်ကရိတ်လို့လည်းမရဘူးလေ။စောက်ထိုးကျသွားမှာပေါ့။ပြီးတော့ခြေထောက်အောက်ကလည်းကျောက်တုံးတွေနင်းမိပြီးခြေချော်ကျနိုင်သလို၊နွယ်ထူပြီးအောက်ပေါင်းမရှင်းတဲ့ယာခင်းဆိုခြေထောက်ကိုနွယ်ငြိတာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်...နှမ်းရိတ်တဲ့အခါကျနော်ကတော့တပင်ချင်းပဲသတိနဲ့နှေးနှေးရိတ်ပါတယ်။ကောက်ရိတ်တာကျမြေညီလယ်ကွင်းလည်းဖြစ်၊စပါးပင်ကနှမ်းပင်လိုလည်းမမာရုံမက၊၄/၅ပင် အဖုတ်လိုက်နေတာဆိုတော့၊တခါဆွဲကိုကောက်ဖုတ်အနည်းဆုံး၂ဖုတ်တော့ပါတာဘဲ။ကောက်ကွက်သိတ်မကျဲပဲ၊မရိတ်ခင်ဝါးလှဲပေးထားမယ်ဆို....၃ ဖုတ်ထိဆွဲဖြတ်နိုင်ပါတယ်။နှမ်းရိတ်ရင်းကောက်ရိတ်တဲ့အကြောင်းရောက်သွားပြန်ပါပြီ။ ကောက်ရိတ်ရင်းရိတ်ပြီးသားကောက်နှံတွေကိုကောက်လှိုင်းတလှိုင်းစာ...ငန်းဖွဲ့ပုံပစ်ခဲ့သလို၊နှမ်းရိတ်တဲ့အခါမှာလည်း...သင့်လျော်ရာတနေရာမှာရိတ်ပြီးသားနှမ်းပင်တွေကိုပုံပစ်ခဲ့ရပါတယ်။စပါးစိုက်တဲ့လယ်လိုမြေညီမဟုတ်တော့၊နှမ်းဖတ်ပုံကိုကောက်လှိုင်းလိုငန်းဖွဲ့ပုံခဲ့လို့တော့မရဘူးပေါ့။ မနက်ကထည်းကရိတ်လိုက်တာ၊နေစောင်းလာတဲ့အခါနှမ်းရိတ်ရပ်ပြီးနှမ်းပုံ.....ပုံဖို့နေရာပြင်ရပါတယ်။ယာထဲကမြေညီညီတနေရာမှာရိတ်ပြီးနှမ်းပင်ငုတ်တွေနင်းလှဲပစ်ပြီး၊ယာဘေးကစလွန်ပင်တွေခုတ်....မြေကြီးမှာအခင်းခပ်ကျယ်ကျယ်လုပ်ရပါတယ်။ရိတ်ပြီးသားနှမ်းဖတ်တွေကို..ဒီအခင်းပေါ်မှာအနှံချင်းထိပ်ချင်းဆိုင်ပြီးအစီအရီ..အထပ်လိုက်အထပ်လိုက်ပုံရပါတယ်။ရိတ်ထားတဲ့အကွက်ကျယ်ရင်ကျယ်သလောက်၊နှမ်းဖတ်ရရင်ရသလောက်၊နှမ်းပုံရဲ့အလျားကရှည်ပါ့မယ်။အနံကတော့ရိတ်ထားတဲ့နှမ်းပင်တွေအနှံချင်းထိထားတာဆိုတော့၊အနံ ၅ ပေ ၆ပေလောက်ပေါ့။အမြင့်က ၄ ပေလောက်အထိပုံပြီးအဲ့အပုံပေါ်မှာစလွန်ရွက်တွေခုတ်၊ခပ်ထူထူဖုံးအုပ်ပေးပါတယ်။ဖုံးအုပ်ထားပြီး၂ ရက်လောက်ကြာတဲ့အခါ၊ဒီ၂ရက်အတွင်းမိုးလည်းရွာမယ်ဆိုရင်၊ ရွမ်းပြင်းနှမ်းသီးတွေဟာမှည့်သွားပါတယ်။မိုးမရွာပဲနေချည့်သိတ်ပူနေခဲ့ရင်၂ရက်လောက်အကြာမှာ၊နှမ်းပုံပေါ်ကစလွန်ရွက်တွေဖယ်ပြီးနှမ်းပုံပြန်ဖွင့်၊ရေအတော်စိုအောင်ရေခပ်လောင်းပေးရပါတယ်။ပြီးရင်စလွန်ရွက်ပြန်ဖုံး၊နောက်ထပ်၂ရက်လောက်မှာနှမ်းသီးတွေကောင်းရောင်းမှည့်၊နှမ်းရိုးတွေလည်းနည်းနည်းပုပ်...ခပ်ပျော့ပျော့နဲ့ကိုင်လို့တွယ်လို့အဆင်ပြေပါပြီ။ နောက်တဆင့်...နှမ်းစည်း၊နှမ်းထောင်လုပ်ပါမယ်။တနေ့တည်းနဲ့ပြီးအောင်..ကိုယ့်မိသားစုနဲ့တင်မတတ်နိုင်ရင်၊နေ့စားအလုပ်သမားငှားရပါတယ်။အလုပ်သမားကိုတနေကုန်ငှားရမှာဖြစ်ပြီး နေ့လည်စာကျွေးရရင်တစျေး၊မကျွေးရရင်တစျေး....စျေး၂မျိုးရှိပါတယ်။အလုပ်သမားရဲ့ရွေးချယ်ခွင့်ပါ။ထမင်းမစားရင်..နေ့တွက်ခပိုရမယ်ပေါ့။နှမ်းပုံကြီးပေါ်ဖုံးထားတဲ့စလွန်ရွက်တွေဖယ်၊နှမ်းပုံနှစ်ဖက်မှာကိုယ်စီနေရာယူပြီး၊လက်တဆုပ်စာနှမ်းစည်းတွေစည်းကြပါတယ်။နှမ်းစည်းစရာနှီးမလိုပါဘူး၊နှမ်းပင်နဲ့ပဲပြန်ပတ်စည်းလိုက်တာပါ။အဲ့အချိန်မှာနှမ်းပင်တွေကသိတ်ပုပ်နေရင်ပျော့လွန်းပြီး...စည်းမရ၊ထောင်မရဖြစ်တတ်ပါတယ်။ဒါကြောင့်...နှမ်းပင်ရဲ့အခြေအနေ၊မိုးလေဝသအခြေအနေ၊မိမိနေရာအခြေအနေချိန်ဆပြီး...ရိတ်ရ၊ပုံရ၊စည်းရတာပါ။ နှမ်းစည်းများကိုအပုံပတ်လည်မှာထောင်ရပါတယ်။နှမ်းစည်း၃စည်းကိုအသီးတွေကိုအဖျားဖက်ထားပြီး..အောက်ခြေကဖိုခနောက်ဆိုင်ထားထောင်ရတာပါ။နှမ်းပုံဘေးတဝိုက်ကနှမ်းငုတ်တွေကိုခြေနဲ့နင်းလှဲထားပြီးမှနှမ်းထောင်တွေလိုက်ထောင်ရတာပါ။နှမ်းပုံကြီးကိုအကုန်စည်းပြီးတဲ့အခါ၊အလည်ခေါင်မှာကွက်လပ်ကြီးနဲ့ ပတ်ပတ်လည်မှာနှမ်းထောင်တွေဝိုင်းလို့၊ကိုယ့်နှမ်းထောင်တွေကိုယ်ကြည့်ပြီးတကယ့်အားပါးတရရှိလှပါတယ်။မှည့်ရုံမက..အခွံတွေပါအိနေ...ပါးနေတဲ့အသီးတွေဟာနှမ်းစေ့တွေကိုသွန်ချဖို့အသင့်ဖြစ်နေပါပြီ။ဘောလုံးပွဲဆိုဆီမီးဖိုင်နယ်အဆင့်ဖြစ်လို့အလွန်အရေးကြီးနေပါပြီ။ နှမ်းထောင်တွေကိုနောက်တရက်နေလှမ်းထားလိုက်ပါမယ်။နေသိတ်မပူရင်၂ရက်လှမ်းရတယ်။ဒီနှမ်းပုံကဒီနှမ်းထောင်တွေနေလှမ်းထားချိန်မှာယာခင်းအခြားတနေရာမှာရိတ်ရပုံရပြန်တာပေါ့။ နေပူတဲ့ဝါခေါင်တော်သလင်းလမှာကိုပဲ၊နေပူစေချင်တာဒီအဆင့်မှာပေါ့။နှမ်းထောင်တွေနေလှမ်းပါတယ်ဆိုမှ၊လေကြီးမိုးကြီးကျ..သည်းသည်းမည်းမည်းရွာချလိုက်လို့ကတော့၊အလဟဿဖြစ်သွားရပါပြီတရာသီလုပ်အားတွေ။နှမ်းထောင်တွေမိုးမိ၊ပြိုလဲ၊သဲတွေမြေတွေဖုံး...မိုးကလည်းဆက်ရွာဆိုရင်၊ဆီမီးဖိုင်နယ်မှာရှုံးတဲ့ဘောလုံးအသင်းကမှတတိယဆုနဲ့နီးအုံးမယ်၊ယာသမားကတော့နှမ်းတစေ့မှမရတဲ့အဖြစ်ပါ။ဝါခေါင်တော်သလင်း...တကယ်နေပူရင်တရက်လောက်လှမ်းတာနဲ့တင်နှမ်းလာလို့ရပါပြီ။ နှမ်းခါတယ်ဆိုတာနေလှမ်းထားတဲ့နှမ်းထောင်ကနှမ်းစေ့တွေကိုခါထုတ်ယူရတာကိုခေါ်တာပါ။ယာထဲမှာမနက်ပိုင်း..အခြားလုပ်စရာရှိတာလုပ်၊ဥပမာ..မရိတ်ရသေးတဲ့နေရာရိတ်တာမျိုး၊ရိတ်ပြီးသားနှမ်းဖတ်တွေပုံတာမျိုး၊နှမ်းပုံပြင်ရတာမျိုး၊နှမ်းစည်းတာမျိုး....လုပ်ပြီး၊မွန်းတည့်လောက်....သိတ်နေပူတဲ့အချိန်ကျတော့၊အရင်နေ့တွေကစည်း...ထောင်...နေလှမ်းထားတဲ့နှမ်းထောင်ကိုနှမ်းခါပါတယ်။အရင်နှမ်းပုံနေရာကနှမ်းစည်း၊နှမ်းထောင်လုပ်ပြီးတဲ့အခါကွက်လပ်ဖြစ်ကျန်ခဲ့တယ်မှလား။အဲ့နေရာမှာ..ချည်ကြမ်းစောင်...ငါးစပ်စောင်ကြီးကို၊ထောင့်လေးထောင့်မှာအမြင့် ၄ပေလောက်ငုတ်စိုက်နှီးနဲ့ချည်လိုက်တဲ့အခါ၊နှမ်းခါချဖို့...ချည်ဇလားကြီးဖြစ်လာပါတယ်။နေပူတုန်းအချိန်မှီခါရမှာမို့အနည်းဆုံး ၄ယောက်လောက်မှအဆင်ပြေပါတယ်။နှမ်းထောင်ကိုအသာယူပြီးစောင်ဇလားထဲကိုစောက်ထိုးချကာ၊ကျန်လက်တဖက်ကဝါးခြမ်းပြားကလေးနဲ့နှမ်းသီးများကိုအနည်းငယ်ရိုက်ပေးလိုက်တဲ့အခါ၊မှည့်ရာကနေပူလှမ်းခံခြောက်နေပြီးပွင့်အာနေတဲ့နှမ်းသီးထဲကနှမ်းစေ့တွေဟာစောင်ထဲကိုထွက်ကျလာပါတော့တယ်။စောင်ကြီးရဲ့၄ဖက်စလုံး...လူတယောက်စီနေရာယူပြီး၊ကိုယ့်ဖက်ကနှမ်းထောင်ကိုယ်ယူ....ခါချရတဲနှမ်းခါချိန်ဆိုတာဒီအချိန်ပါဘဲ။ဘောလုံးပွဲဆိုဖိုင်နယ်ပွဲပေါ့။ စောင်ထဲမှာတဖြည်းဖြည်းတိုးများလာတဲ့နှမ်းစေ့တွေကိုမြင်ရတာ၊နေပူကြဲကြဲအောက်ကတောင်သူရဲ့အမောပြေပီတိလို့ဆိုချင်ပါရဲ့။ ထမင်းစားပြီးခါစ....ခါတိုင်းလိုတအောင့်တနားတောင်မနေနိုင်ပဲ...ကျဲကျဲတောက်နေတဲ့နေမွန်း တည့်ရှိန်ရှိန်အောက်မှာ...အမိုးအကာမဲ့၊အရိပ်မဲ့နှမ်းခါရတာအလွန်ပူတာပေါ့။ဦးခေါင်းကနေပုဆိုးကိုအုပ်ချည်ပြီးကျောတဝိုက်နေပူသက်သာအောင်လုပ်ထားပေမယ့်၊နှမ်းထောင်ယူလိုက် စောင်ထဲစောက်ထိုးပစ်ချ..ဝါးခြမ်းလေးနဲ့ရိုက်ခါချလိုက်၊ခါပြီးသားနှမ်းထောင်ကိုဘေးမှာချ၊နောက်တခေါက်နှမ်းထောင်ပြေးယူ....ရိုက်ခါ၊အကြိမ်ကြိမ်ကူသယ်ခေါက်သယ်လုပ်နေရတာတကိုယ်လုံးချွေးဒီးဒီးကျရောပေါ့။အဲ့လောက်ပူပြင်းမောဟိုက်နေတဲ့ကြားက....ကောင်းကင်ကိုမော့မော့ကြည့်ရသေးတယ်။မိုးအုံ့မှာ...တိမ်စိုင်တွေရောက်လာမှာစိုးရိမ်တာ။မိုးရိပ်မိုးခြေကြည့်ရင်းနေပူလျှော့သွားမှာစိုးတာ။ကျနော်အထက်မှာပြောခဲ့တဲ့....ကျောကွဲလုနေပူကြီးအောက်မှာချွေးနစ်နေအောင်လှုပ်ရှားနေရင်းက၊ထပ်ပူစမ်းပါအုံးနေမင်းကြီးရယ်၊မရွာချလိုက်ပါနဲ့မိုးမင်းကြီးရယ်လို့.........နေနဲ့မိုးကို တနေရတဲ့အချိန်ဆိုတာ၊ဒီအချိန်ပေါ့။နှမ်းခါနေရင်းများမိုးရွာချလိုက်ရင်မိုးရွာထဲပဲကပျာကရာဆက်လုပ်ကြရတာ၊နှမ်းတွေလည်းဖိတ်တဝက်စင်တဝက်နဲ့၊ရတဲ့နှမ်းကလည်းရေစိုပြန်ပေါ့။ဖိုင်နယ်ရောက်နေတာတောင်ပွဲပြီးခရာသံမကြားမချင်းကိုယ်မနိုင်သေးဘူးရယ်မှလား။အဲ...၂နေလောက်လည်းကောင်းကောင်းလှမ်းထားရပြီး၊နှမ်းခါပြီးသည်အထိမိုးရိပ်လည်းမရှိဘူးဆိုရင်တော့၊နှမ်းသီးထဲကနှမ်းစေ့တွေအကုန်ခါချရယူလိုက်နိုင်ပြီလို့ဆိုရပါမယ်။ နှမ်းခါမယ့်သူထက်နောက်ထပ်လူပိုပါရင်တော့ နှမ်းခါနေဆဲမှာပဲစောင်ထဲရောက်နေတဲ့နှမ်းတွေကိုတဖက်ကကြုံးယူပြီးဆန်ကာအကြဲနဲ့ဆန်ခါချရပါတယ်။ခါချတဲ့အထဲမှာအရွက်ခြောက်တချို့၊နှမ်းသီးခွံတချို့ပါနေသေးတယ်လေ။စတုရန်းတစ်စင်တီလောက်ကြဲတဲ့ဆန်ခါကြီးနဲ့ချရတာပေါ့။အဲလိုလုပ်တာကိုနှမ်းမှော်ချတယ်လို့ခေါ်ပါတယ်။ကျနော်တို့ယာခင်းမှာနှမ်းခါရင်တော့၊အဲဒီနှမ်းမှော်ချတဲ့အလုပ်ကိုအမေကလုပ်လေ့ရှိတယ်။လူပိုမပါရင်တော့နှမ်းထောင်အားလုံးခါပြီးမှပဲ၊နှမ်းမှော်ဆက်ချရတယ်ပေါ့။ပြီးရင်အိတ်ထဲထည့်..တဲကိုသယ်၊ချွေးသုတ်..အနားယူ...လဘက်ရည်ကြမ်းသောက်၊Let us call it a day.... ရပြီ။ အဲ...နှမ်းခါနေရင်းနေပူလျှော့၊မိုးအုံ့သွားရင် နှမ်းစေ့တွေကအကုန်ထွက်မကျတော့ဘူး၊နည်းနည်းစီကျန်နေရော။ဒါဆို....နောက်တခါထပ်ခါယူဖို့နှမ်းထောင်တွေပြန်ထောင်၊၂နေလောက်လှမ်းရပြန်တယ်။နှမ်းထောင်ထောင်တဲ့အခါ၃စည်းစီမဟုတ်တော့ပဲ၊၈စည်း၉စည်းအပြုံလိုက်ထောင်တော့တယ်။အချိန်ရတဲ့တနေ့ခင်း...သို့မဟုတ်တညနေလောက်မှာစောင်ဇလားကြီးပြန်လုပ်၊ထပ်ခါပေါ့။အဲ့လိုထပ်ခါတာကို " ထောင်ပြန်" ခါတယ်လို့ခေါ်တယ်။တပြည်ရတပြည်....နှစ်ပြည်ရနှစ်ပြည်ပေါ့နော်။လယ်ထဲကောက်သင်းကောက်သလိုပဲဆိုရမယ်။ ကျနော်ပြောခဲ့တဲ့...ကမ်းနီရွာပျက်အနောက်ဖက်တောင်တန်းပေါ်ကကျနော်တို့တောင်ယာထဲမှာမှတ်မှတ်ရရ..ကျနော်၉တန်းနှစ်က၊အစအဆုံး နှမ်းရိတ်နှမ်းခါလိုက်လုပ်ခဲ့ရတယ်။နှမ်းထောင်ချိန်နှမ်းခါချိန်မှာမိုးမရွာလို့အဆင်ပြေတယ်ဆိုရမယ်။နေကတော့ကျောကွဲလောက်အောင်ပူခဲ့တာ။ ရွာနဲ့ဝေးတော့အမေကထမင်းစားချိန်မှထမင်းလာပို့တာမျိုးမလုပ်နိုင်ဘူး။စောစောထချက်ပြီးငှက်ပျောဖက်နဲ့ထုပ်ပေးလိုက်တာပေါ့။နေ့တွက်နဲ့ခေါ်တဲ့အလုပ်သမား၂ယောက်လည်းအဲ့လိုပဲထမင်းထုပ်လာတယ်။တဲတံဆက်မြိတ်အောက်မှာချထားတဲ့ရေအိုးကမိုးရွာတုန်းရေပြည့်နေတော့ တဲရောက်မှမီးမွှေး၊ရေနွေးကြို၊အိမ်ကယူလာတဲ့လဘက်ခြောက်ခပ်၊ဝါးဆစ်ပိတ်ခွက်နဲ့ထည့်သောက်ကြတာလေ။အလုပ်ချိန်တပတ်လောက်ကြာတယ်ထင်ပါရဲ့။ရိတ်လိုက်၊သယ်လိုက်၊ပုံလိုက်၊စည်းလိုက်၊ခါလိုက်နဲ့...ဇယ်စက်သလိုပါဘဲ။ကျနော်မှတ်မိတဲ့နေ့လည်စာကတော့...ငါး သလောက်ငပိကောင်ကိုငြုတ်သီးနဲ့ကြော်ပြီး ထည့်ပေးလိုက်တဲ့ထမင်းထုပ်ဘဲ။အချဥ်ကတော့ယာခရိုးကဇီးဖြူပင်ကဇီးဖြူသီး။တောထဲမှာအခြားဇီးဖြူပင်တွေမသီးသေးပေမယ့်၊ကျနော်တို့ယာခရိုးကဇီးဖြူပင်ကစောသီးတာသတိပြုမိတယ်။သောက်ရေကတော့မြေဘွတ်ကလုံထဲ ထည့်ယူလာရတယ်။လေတဖြူးဖြူးနဲ့တဲပေါ်မှာစကားတပြောပြောနဲ့ထမင်းထုပ်တွေဖြည်၊အတူစုစားရတာသိတ်မြိန်တာဘဲ။ငြုတ်သီးကလည်းစပ်ပေမယ့်ဇီးဖြူသီးစား....ရေနွေးပူပူသောက်လိုက်ရင်လျှာပေါ်မှာချိုသွားတာဘဲ။ဇီးဖြူသီးစားပြီးရေသောက်ရင်ချိုတဲ့အရသာရတယ်လေ။ပြီးတော့ယာထဲမှာပြောင်းဖူးတွေလည်းစိုက်ထားသေးတာ။နှမ်းမရိတ်ရခင်လ...ဝါဆိုလဆုတ်လောက်ကထည်းက၊နှမ်းရိတ်ဖို့အခြေအနေလာကြည့်ရင်းချိုးစားလာခဲ့တာ၊အခုနှမ်းသိမ်းချိန်ထိယာထဲမှာနည်းနည်းကျန်နေသေးတယ်။အဲ့ပြောင်းပင်ကလက်ကျန်ပြောင်းဖူးအပတ်ဝါတွေချိုးပြီး၊တဲနားကရေနွေးကြိုတဲ့မီးဖိုမှာဖုတ်၊မွှေးချိုနေတဲ့ယာပြောင်းဖူးဖုတ်ကလေးကလည်း ဗိုက်တင်းနေတာတောင်ပါးစပ်ကတောင်းဆိုနေတုန်း။ညနေရွာပြန်တော့...နှမ်းအိတ်တွေကိုလှည်းလမ်းရောက်တဲ့အထိ၊တခေါ်လောက်ထမ်းသယ်ရသေး။လှည်းလမ်းကျမှမနက်ကထည်းကအိမ်ကမောင်းလာတဲ့လှည်းငုံးတိုကလေးနဲ့တင်ပြီးပြန်လာရတယ်။နွားတွေကယာထဲမှာလံထားခဲ့ရတာပေါ့။ အိမ်ကျတော့...တောထွက်နှမ်းကိုဆန်ကောနဲ့ထပ်ပြာရသေးတယ်။နှမ်းမှော်ချတုန်းကဆန်ကာကအကြဲဆိုတော့အရွက်ကြေတွေပါတဲ့အပြင်၊မအောင်တဲ့နှမ်းစေ့အဖျင်းတွေလည်းပါသေးတာကိုး။နှမ်းပြာတဲ့အလုပ်ကတော့အမေ့တာဝန်ပေါ့။အဲ့လိုစင်အောင်ပြာပြီးမှတောင်းနဲ့ခြင်၊ဘယ်ရွေ့ဘယ်မျှရတယ်ပြောနိုင်တော့တယ်။ တောင်ယာထဲမှာနှမ်းစိုက်တယ်ဆိုတာ၊ယာထွန်ပြီးမျိုးကြဲပြီးတဲ့နေ့ကစလို့...တကယ့်မရေမရာဖြစ်စဥ်ကြီးကိုစွန့်စားလုပ်ရတဲ့တောင်သူဘဝပါ။ မိုးလေးမှန်လာတဲ့မိုးဦးကျမှာထွန်စူးလောက်တဲ့နေ့တွေ....ထွန်ယက်မျိုးကြဲလိုက်ပါတယ်၊မိုးကြီးမပြတ်ပဲ၃ရက်လောက်ရွာပစ်လိုက်ရင်မျိုးဆုံးပါရော။အပင်လေးတွေပေါက်လာပြီးမိုးလေးနည်းနည်းရွာ၊နေချည့်အရမ်းဆက်ပူပစ်လိုက်ရင်လည်း...အပင်လေးတွေမှာကပ်နေတဲ့သဲတွေကြောင့်သဲပူမိပြီးအပင်လေးတွေသေတတ်ပြန်တယ်။အပင်မှာအရွက်၆ရွက်လောက်ထွက်လာ အပင်အရပ်ကလည်းတထွာသာသာလောက်ရှိလာရင်...ပေါင်းထိုးရပြန်တယ်။စက်လှည့်ပေါင်းလိုက်ရတယ်ခေါ်တယ်။အပင်တပတ်လည်အရွက်စုံထွက်တာကိုစက်လှည့်တယ်ခေါ်တာ။အဲ့အချိန်မှာရွက်ပိုးကျတတ်တယ်။အခုခေတ်တော့ပိုးသတ်ဆေးဖြန်းတာပေါ့။တောင်ယာထဲကနှမ်းခင်းထက်မြေပြန့်ကကိုင်းခင်းတွေမှာကျတတ်တယ်။ဝါးရုံတောထူပြီးမီးလောင်ချက်ကလည်းကောင်း၊တောကလည်းသိတ်အို...ဆိုရင် နှမ်းပင်တွေအကောင်းလွန်ပြီးအရွက်ထူထူကြီးတွေတွန့်နေတဲ့အဖြစ်ရောက်၊အသီးမသီးတော့ဘူး။အဲဒါမျိုးကျ..ကာလီထွေးကုန်ပြီလို့ခေါ်တယ်။အထူးသဖြင့်တောင်ကမ်းပါးအခြေကနေရာတွေမှာဖြစ်တတ်တယ်။မိုးရွာတော့ဝါးပြာတွေမြေဆွေးတွေကအပေါ်ကဆင်းလာပြီးအခြေမှာစုတတ်တာကိုး။အသီးတွေသီးနေတဲ့အချိန်မှာမိုးသည်းနေ့တွေဆက်လာရင်၊အရွက်တွေအသီးတွေမဲကုန်တတ်ပြန်ရော။ရိုးမဲလိုက်တယ်၊ရိုးေျငေ်လိုက်တယ်ေခကြတယ်။ပင်စည်တွေလည်းပုပ်တဲ့အခါပုပ်ပြီးသေကုန်တယ်။ခွာပုပ်လိုက်တယ်လို့ခေါ်တယ်။နှမ်းအတွက်အဆင်အပြေဆုံးမိုးလေဝသအခြေအနေက..မိုးပါးပါးရွာလိုက်၊နေကျဲကျဲပူလိုက်...အခြေအနေမျိုး။အထူးသဖြင့်မိုးဆက်တိုက်သည်းနေရင်၊အပင်ဖြစ်ချိန်ရော၊ရိတ်သိမ်းချိန်ရောအဆင်မပြေတော့ဘူး။အပင်ဖြစ်ချိန်အသီးသီးချိန်တွေမှာအဆင်ပြေခဲ့ပြီးအောင်အောင်မြင်မြင်ဖြစ်တောင်မှ၊ရိတ်သိမ်းချိန်မှာနေမပွင့်လောက်အောင်ရက်ဆက်မိုးသည်းနေရင်၊အထက်မှာကျနော်ပြောခဲ့သလို၊တရာသီလုံးပင်ပမ်းခဲ့သမျှ....လုံးဝအရာမထင်တောင်ဖြစ်သွားတတ်တယ်။ဒါကြောင့်...နှမ်းတောင်သူတွေအဖို့၊ကိုယ့်အိမ်ခေါင်တိုင်မှာနှမ်းအိတ်တွေပုံပြီးမှပဲနှမ်းရတာသေချာတယ်လို့ပြောလေ့ရှိတယ်။ အဲ့နှစ်က...ကမ်းနီရွာပျက်အနောက်ဖက်ကယာခင်းကကျနော်တို့နှမ်း၈ တင်းရတယ်။မှန်းသလောက်မရဘူးတဲ့။အဲဒီ၁၉၆၆...ကဆန်စျေးအရမ်းမြင့်၊ဝယ်မရအောင်ရှားတဲ့နှစ်။မိုးခေါင်တာ၂နှစ်ဆက်တိုက်ဆိုတော့ကျနော်တို့ကုန်းလယ်လေးတွေကတံစဥ်လွတ်၊မျိုးဆုံး၊စိုက်စရိတ်ဆုံး။ရွာထဲမှာသီးနှံပေးယူ..စားရတော့၊စပါးပေးယူလို့မရ...နှမ်းပေးပဲယူခဲ့ရတယ်။ကျနော့်ကျောင်းစရိတ်ကလည်း....ဝန်တခုပေါ့လေ။နှမ်းကလည်းမှန်းသလောက်မရဆိုတော့၊ကျနော်တို့၅တင်းလောက်ပဲစားရတယ်ဆိုရမယ်။အဲ့အထဲကနှမ်းရိတ်နေ့တွက်ခတွေပါသေးဆိုတော့..၅တင်းတောင်စားရမထင်ပါဘူး။ဘာကြောင့်အမှတ်တရဖြစ်ရသလဲဆိုတော့၊နှမ်းတတင်းကိုဆန်တတင်းနဲ့လဲခဲ့ရပါတယ်။အမှန်ဆိုနှမ်းကဆန်ထက်စျေးမြင့်ပါတယ်။ဒါပေမယ့်...ကမ်းနီရွာပျက်အနောက်တောမှာယာလုပ်တဲ့နှစ်က(ကျနော်တို့တောသူတောင်သားတွေ...အချိန်ကာလမှတ်တဲ့ဓလေ့ပေါ့)နှမ်းတတင်းကိုဆန်တတင်းနဲ့လဲစားခဲ့ရပါတယ်။အဲ့နှစ်ကမိုးလည်လောက်မှာထမင်းကိုပြောင်းနဲ့ခုပြီးချက်စားခဲ့ရပါတယ်။ဒါတောင်မလောက်သေးလို့ခိုင်းနွားကြီးတကောင်ရောင်းပြီးဆန်ဝယ်ရတဲ့အဖြစ်ဘယ်မေ့လို့ရပါ့မလဲ။နောက်ထပ်၄နှစ်၅နှစ်လောက်ထိကို၊နောက်ထပ်နွားတကောင်မဝယ်နိုင်လို့၊ရာသီအလိုက်နွားငှားပြီးခိုင်းခဲ့ရတာ။ အဲ့နှစ် ၁၉၆၆/၆၇ ကိုအမှတ်တရဖြစ်ခဲ့ရတာကမ မိသားစုမှာဒုက္ခအကြပ်အတည်းများစွာတွေ့ကြုံခံစားရ၊တပင်တပမ်းရုန်းကန်ရတဲ့အပြင်၊ဟိုးအရှေ့တရိုးကပဲခူးရိုးမတောင်ခြေရွာတွေမှာလည်း...အာဏာနီကျောရိုးတွေကထ၊စစ်တပ်နဲ့တိုက်ပွဲတွေကဖြစ်....ရွာကဆွေမျိုးသားချင်းတွေပြေးရလွှားရ..ဝရုန်းသုန်းကားခေတ်ပျက်လိုက်တာ၊တမိုးမက...တဆောင်းတနွေထိ။အဲ့ရွာတွေဖက်ကရွယ်တူသားချင်းတွေရောက်လာရင်၊တခါတလေစားမြုံ့ပြန်မိရတုန်း။ Aung Mao August 7 ..2024
