မတ်လတော်လှန်ရေး ◾ဒဂုန်တာရာ မိုးကုပ်ကုပ်ဝယ် အို - ရုတ်တရက်၊ မျဉ်းဖြူစက်၍ ကွဲအက်ကြောင်းရာ၊ ဟ ... ဟ ... လာပြီး မိုးပြာကိုဖြတ်၊ ပတ္တမြားရည် စီးလည်အဟုန်၊ နီမြန်းကုန်သည် အရုဏ်ပေါ်စ ဝိုးတဝါး။ မှုန်မွှားမွှားလျှင် ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ် မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး ချောင်းရိုးဘေးမှ၊ ဖြေးဖြေးညှင်းညှင်း လှေတစင်းထက်၊ တောတွင်းသားပျို ဖျဉ်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍ စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ ယူကာလက်ထောက်၊ အလျားမှောက်သည် လှေအောက်ဝမ်းမှ စက်သေနတ်။ အမှောင်ရိပ်ဝယ် မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင် အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏ နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ ဖက်ဆစ်ကင်းစောင့် စစ်စခန်း။ ချောင်းကိုကွေ့သော် တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့ ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင် အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည် မြစ်ယံ ပဲ့တင် ထပ်သတည်း။ ငွေလရောင်လျှင် အမှောင်ညရိပ်၊ သေးသေးစိပ်သား မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည် စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့် ထွန်းသည့်ညဉ့်ခါ၊ ထိန်ထိန်သာသော် ကျယ်စွဝန်းလျား၊ လယ်ကွင်းနားမှ တောဖျားညို့အုပ်၊ မှိတ်တုတ်တုတ်လျှင် ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့် အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍ ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ လက်လက်ရောင်ထင်၊ ကျသွင်သွင်သည် လေယာဉ်ပေါ်မှ စစ်ရိက္ခာ။ ရွာတရွာကား မှိုင်းပြာမဲညို့၊ မီးရှို့လောင်ကျွမ်း တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့ ခိုးငွေ့ဝေဝေ၊ မီးလောင်မြေမှ နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က သဲ့သဲ့ခွေးဟောင်သံတကား။ ခရေပွင့်လျှင် ကြွေရင့်ဝါဝါ၊ မြေ၌မှာလျှင် ရောကာပေါင်းရှက်၊ ဟောင်းသစ်ရွက်နှင့် တ၀က်မောင်းနီ၊ ဝေ့လည်လည်ကို လေချီသုတ်ဖြူး၊ နီဝါကူးသည် နွေဦးပေါက်မို့ ယော်ရွက်ကြွေ။ ရင့်ကြွေညောင်းသည် ရွက်ဟောင်းစွန့်ပစ်၊ ဘ၀သစ်သို့ သနစ်ပြောင်းမည်၊ ဖူးသစ်မီသည် အနီထဲမှကြယ်ဖြူပွင့်။ ◼️ ဒဂုန်တာရာ (တာရာမဂ္ဂဇင်း၊ ၁၉၄၇) ဆရာ့ရဲ့သမိုင်းဝင်ကဗျာကြီးကို၊ကျနော့် page မှာရှိနေ စေချင်လို့ပါ။
AUNG NI
Sunday, September 27, 2026
မှတ်မိသမျှ........... ....................အပိုင်းအစကလေးများ ( ၈. ) မြက်ရိတ်တာ၊နှမ်းရိတ်တာ၊ကောက်ရိတ်တာ၊ သက်ငယ်ရိတ်တာ......ကျနော်တို့ကျေးတောနေတွေအရွယ်ရောက်လာသူတိုင်းလုပ်ကိုင်တတ်၊လုပ်ကိုင်ရတဲ့အလုပ်တွေပါ။ဒါပေမယ့်...ရွာမှာမွေးလာသူတိုင်းအလိုအလျောက်လုပ်တတ်လာတာတော့မဟုတ်ပါဘူး။ မိသားစုရဲ့ထမင်းအိုးပြဿနာဝန်ကိုဘဝပေးအခြေအ နေအရကူညီထမ်းပိုးရသူတွေသာ၊ငယ်ကထည်းက ကျွဲကူးရေပါ....လက်တွေ့လုပ်ရင်းသင်၊သင်ရင်းလုပ်...တတ်ကျွမ်းသွား၊လုပ်သွားရတာပါ။မိသားစုဘဝကိုအသိရှိရှိနဲ့ခံယူရင်း. .အတူတကွလက်တွေ့ဖြတ်သန်းတဲ့အခါ.... အထူးတလည်သင်ယူရတယ်မဟုတ်တော့ပဲ၊မိသားစုကုန်ထုတ်လုပ်ငန်းကိုမသိမသာအဖြစ်မှ သိသိသာသာကိုပဲကျွမ်းကျင်သွား၊ပါဝင်သွားတာသဘာဝကျတယ်လို့မြင်ပါတယ်။ ကျနော့်ငယ်ဘဝ...မိသားစုလယ်ယာလုပ်ငန်းမှာပါဝင်မှုကိုပြန်မြင်ကြည့်တဲ့အခါ....အဦးအစကတော့...စိတ်ဝင်စားမှုပဲလို့ဆိုချင်ပါတယ်။အဖေကမနက်စောစောထ...လယ်ထဲသွားဖို့ထွန်ပြင်ထယ်ပြင်...ထမ်းပိုးတုံးမှာနွားတတ်ထို့ပြင်နေကထည်းက...အိမ်အောက်ကနွားကြိမ်လုံးကိုယူပေးတာမျိုး၊ထမ်းပိုးကြိုးယူပေးတာမျိုး( ကိုယ်တိုင်နိုးနေတဲ့အခါမျိုးမှာ)လုပ်တတ်တယ်။အဖေနဲ့အမေကလည်းသဘောကျတယ်။အိမ်မှာထမင်း ကြမ်းစားသောက်ပြီး....အမေကအဖေ့အတွက် ပြင်ဆင်..လယ်ထဲသွားပို့တယ်။ထမင်းကြမ်းနဲ့ပဲပြုတ်ဆီဆမ်း၊ဒန်ရေနွေးခရားလေးနဲ့အကြမ်းပန်းကန်လုံးလေး၂လုံးလက်ဆွဲခြင်းထဲထည့်လို့ပေါ့။ မိုးသိတ်ရွာမထားလို့ရွာလည်သဲချောင်းကလေးကသာသာယာယာရှိတဲ့နေ့မျိုး၊မိုးဖွဲကျမနေပဲနေသာတဲ့နေ့မျိုး....အမေနဲ့အတူကျနော်လည်းတောက်ရက်တောက်ရက်နဲ့လယ်ထဲကိုရေနွေးကြမ်းပို့လိုက်တတ်တယ်။ကျနော်တို့အကွက်တွေက..ရွာနဲ့ဆိုတဖာလုံတောင်မဝေးဘူးရယ်။လယ်ထဲကျထယ်ထိုးရပ်ပြီးကန်သင်းပေါ်တက်၊တဲလေးထဲအဖေထမင်းကြမ်းစားရေနွေးသောက်တဲ့အခါ...ကျနော်ပါဝင်စားရင်စားသေးတယ်။တဲလေးပေါ်ထိုင်...လယ်ထဲမှာထယ်တန်းလန်းနဲ့ရပ်ထားတဲ့နွားတွေနဲ့၊ထယ်ထိုးပြီးသားမြေကွက်ကိုကြည့်ရင်းထမင်းကြမ်းစားရတာ၊ပဲပြုတ်ကလေးကပိုချိုသလိုခံစားမိတယ်။ နောက်...လယ်ထဲဟိုအနားဒီအနားလျှောက်ရင်း ကိုယ့်လယ်ကိုယ်သဘောကျမိတယ်။ဒါ...ငါတို့မြေလို့ခံယူမိတဲ့သဘောထင်ပါရဲ့။ ၂တန်း၃တန်းအရွယ်လောက်ရောက်လာတဲ့အခါ အဖေ့ဆီရေနွေးကြမ်းပို့တဲ့အလုပ်ကကျနော့်အလုပ်ဖြစ်သွားပြီ။ကျောင်းမသွားမီအချိန်မှာကိုပဲ....လိုအပ်ရင်ကျနော်ပဲသွားပို့တယ်။ကျောင်းပိတ်တဲ့နေ့တွေဆို...ရေနွေးကြမ်းပို့ပြီးအိမ်တန်းပြန်စရာမလိုတော့တာမို့၊လယ်ထဲမှာပဲဆက်နေတတ်တယ်။ရေလေးစိုးစိုးစပ်စပ်နဲ့ထယ်ထိုးပြီးသားကိုထွန်စမွှေတဲ့ရက်မျိုးဆို၊အဖေ့ထွန်ကြောင်းနောက်ကလိုက်ပြီး...ရေထဲရွှံ့ထဲမှာပေါ်ပေါ်လာတဲ့လယ်ပုစွန်လုံးတွေကောက်ရော။ ပုစွန်ကောက်တာလည်းအထာရှိတယ်။ပုစွန်မြင် ရေထဲဒီအတိုင်းသွားကောက်ရင်၊ပုစွန်ကသူ့လက်မကြီးနဲ့ညှပ်မှာပေါ့။သူမညှပ်နိုင်အောင်ရွှံ့နဲ့ရောဖိပြီးအပေါ်ကအုပ်ဖမ်းရတယ်။ပြီးမှလက်မကြီးကိုချိုး၊ဖင်မှာအပေါက်ကလေးတွေဖောက်ထားတဲ့သံပုံးထဲပစ်ထည့်ရတယ်။သံပုံးဆိုတော့ပုစွန်ကမတက်တတ်တော့ဘူး၊သံပုံးဖင်ပေါက်ကလေးတွေကနေရေတွေရွံ့တွေကျသွား။အဖေကလည်းထွန်မောင်းရင်းကုန်းကောက်ဖမ်းပြ၊ဖမ်းပေးနဲ့ပေါ့လေ။တနပ်စာချက်လောက်ရတော့လယ်ပုစွန်လုံးတွေထည့်ထားတဲ့သံပုံးလေးနဲ့ ရေနွဲးကြမ်းခရား၊ထမင်းကြမ်းချိုင့်ထည့်ထားတဲ့လက်ဆွဲခြင်းလေးဆွဲ...အိမ်ပြန်ခဲ့ရော။လယ်ပုစွန်ရင်ဘတ်ကျော်..ဗမာပင်စိမ်းနံမွှေးမွှေးလေးနဲ့ချဥ်ပေါင်ဟင်း....အမေ့လက်ရာ...တနပ်စာမြိန်ပါ့။အဲ.....ပုစွန်လက်မကြီးတွေကတော့ပြာပူထဲပစ်ထည့်....တခါထည်းဖုတ်စားပစ်လိုက်တာ၊မောင်နှမတွေပူညံပူညံနဲ့။ ကျနော်တို့အကွက်ကလေးတွေရှိတဲ့ကွင်းကို ကျွန်းပင်ခွင်လို့ခေါ်တယ်။ကျနော်တော့ကျွန်းပင်တပင်မှမတွေ့မိပါဘူး။ကျနော်တို့အရှေ့ဖက်က ဟိုး...တောင်ဖက်ကိုသွားတဲ့လမ်းရှိပြီး၊လမ်းအရှေ့ဖက်ကပ်လျက်လယ်ကွက်တွေကရွာသူကြီးရဲ့အကွက်တွေ၊သူတို့ကများတာပေါ့။ ကျနော်တို့မှာလယ်မစိုက်ရပဲ..ပြောင်း၊နှမ်း၊ခရမ်းချဥ်စသည်...စိုက်လို့ရတဲ့ကုန်းကွက်ကလေးကတဧကလောက်ရှိပြီး၊ကျန်၃ဧကလောက်က...စပါးစိုက်လယ်ကွက်ကလေးတွေ။ကျွန်းပင်ခွင်အပါအဝင်...၊ကျနော်တို့ရွာပတ်လည်၊ငှက်တော်ဦးရွာမြောက်ဖက်၊တောင်ရွာကြာအင်းအနောက်ဖက်ကွင်းကြီးတခုလုံးကိုညိုမကွင်းလို့ခေါ်ပြီး၊ ညိုမတောင်အနောက်ဖက်ကရတဲ့...ကောင်းကင်ကျရေကိုသာအားထားရတော့...အလွန်ရေခေါင်ပါတယ်။မိုးသိတ်ခေါင်တဲ့နှစ်တွေဆိုတစဥ်လွတ် ဝမ်းစာမဲ့တဲ့အပြင်၊တခေတ်တခါက....တာဝန် ကျေစပါးပြဿနာအလွန်တက်ရတဲ့ကွင်းကြီးလို့ဆိုရမယ်။ စပါးစိုက်လယ်ကွက်ထဲရေမရသေးတဲ့အခါ၊ကုန်းကွက်ကလေးကိုထွန်ရထယ်ရတာပေါ့။ကုန်းကွက်လုပ်တဲ့အခါ...ပထမရက်မြက်ရစ်။မြက်ရစ်တယ်ဆိုတာ..အကွက်ထဲမှာပေါင်းမြက်တွေထူနေတော့၊တန်းပြီးထယ်ထိုးလို့မရဘူး။ထယ်ထိုးလိုက်ရင် ထယ်သွားကမြက်တွေပေါ်ချော်ချော်သွားရာကနေ၊အလှည့်နွားခြေထောက်ကိုတောင်သွားထိမိတတ်တယ်။ဒါကြောင့်...သံထွန်သွားတတ်ထားတဲ့၅သွားထွန်နဲ့တစပ်လောက်...ကောင်းကောင်းနင်းထွန်ပစ်ရတယ်။မြက်တောထဲထွန်တာဆိုတော့နွားကလည်းထွန်တန်းလန်းနဲ့ကုန်းကုန်းပြီးမြက်စားတယ်။ထွန်သွားကလည်းသံထွန်သွားချွန်ချွန်၊လူကလည်းမြက်ထူတဲ့နေရာကျထွန်ပေါ်ခြေတဖက်နဲ့ဖိနင်း( တကိုယ်လုံးမတက်ရပါဘူး)ထား၊ နွားကခေါင်းငုံ့စားတော့ထွန်သွားကလည်းပိုစူး၊ မြက်ခေါင်းကွဲ..ရစ်ပတ်ပါလာတာပေါ့။ထွန်သွားမှာမြက်ရစ်ပါတာတွေများလာရင်မစူးနိုင်တော့ဘူးဖြစ်လာတော့..မောင့းတဲ့လူကထွန်ကိုင်းကိုဆွဲမပြီး၊ခြေတဖက်ကထွန်သွားမှာရစ်နေတဲ့မြက်တွေကို...ထွန်တုံးကျော်ပြီးနင်းနင်းချပေးရတယ်။ ထွန်စာကန်ချတယ်၊ထွန်စာချတယ်ခေါ်တယ်။ ထွန်စာချတဲ့အခါထွန်တုံးကိုတတုံးလုံးမတာမဟုတ်ဘူး။ညာဖက်ထောင်ဘယ်ခြေနဲ့ကန်ချ၊ဘယ်ဖက်ထောင်ညာခြေနဲ့ကန်ချလုပ်ရတာ။ မြက်တောထဲမှာထွန်နောက်ကထွန်ကိုဖိလိုက်ရင်း၊မြက်ထူတဲ့နေရာကျထွန်တုံးပေါ်နင်းရ၊ထွန်စာချ၊ထွန်ချေးချရ၊ထွန်ကြောင်းမှန်အောင်နွားတွေကိုမောင်းရ....အဲ့လိုလုပ်တာကိုမြက်ရစ်တယ်လို့ခေါ်တာ။ထွန်မောင်းစသင်တဲ့လူ.....မြက်ရစ်တာက စမလုပ်နိုင်ဘူး။ မြက်ရစ်တာ...ထွန်တစပ်ပဲမောင်းတယ်။နှစ်စပ်မောင်းလို့လည်းအဆင်မပြေဘူးလေ။ကန်ချထားတဲ့ထွန်ချေးပုံတွေက...မြက်ထူရင်ထူသလောက် ထွန်ပြီးကွင်းထဲမှာများနေတာကိုး။၂နေလောက်လှမ်းပြီးအဲ့ထွန်ချေးပုံပေါင်းမြက်တွေကို၊လက်နဲ့လိုက်ကောက်...ကန်သင်းဖက်သွားပစ်ရတယ်။ ပြီးမှထွန်ရစ်ပြီးမြက်ပါးသွားတဲ့ကွင်းကိုထယ်စထိုးရတယ်။ထယ်ထိုးတာကတော့နွားကိုလက်ဝဲရစ်...အပြင်ကစမောင်းပြီး၊အလယ်ခေါင်ကျ.....ပြီးဆုံးသွား၊ထယ်စပ်သွားတာပါဘဲ။ထွန်မောင်းစသင်တဲ့အခါထယ်ထိုးတာကလည်းစသင်လို့မရပါဘူး။ထယ်ကိုနိုင်နိုင်နင်းနင်းထိန်းကိုင်နိုင်ဖို့အပြင်၊နွားတွေနဲ့လည်းအပေးအယူရှိနားလည်မှုရှိဖို့လိုပါတယ်။ကိုယ်မောင်းနေကျနွားနဲ့အလုပ်လုပ်ရတာအဆင်အပြေဆုံးပေါ့လေ။ မြက်ရစ်၊ထယ်စပ်သွားတဲ့အခါ...ထယ်ခဲတွေကျေပြီး..ထယ်ထိုးလိုက်တဲ့မြက်အမြစ်တွေပုပ်သွား၊ သေသွားအောင်ကြမ်းတုံးရိုက်ရပါတယ်။ကြမ်း တုံးဆိုတာ..သာမန်ထွန်တုံးထက်အလျားအနည်းငယ်ပိုရှည်ပြီး၊အရွယ်အစားကလည်းထွန်တုံး၄ဆလောက်ကြီးတဲ့တုံးကြီးကို၊ထွန်လိုပဲထွန်သန်တတ်...မောင်းရတဲ့ကိရိယာတမျိုးပါ။ ကြမ်းတုန်းပေါ်မှာဝါးရင့်သန်သန်တချောင်းကို၇ပေလောက်...ထောင်လိုက်စိုက်ထားပါတယ်။ အချို့တွေကတော့ထမ်းပင်အခန့်သင့်ကိုဖြတ်ပြီးကြမ်းတုံးလုပ်ကြတာလည်းရှိပါတယ်။အဖေကတော့...ကျွန်းတုံးခတ်ကြီးကြီးကိုလုပ်ထားတာပါ။ကြမ်းတုံးမောင်းပြီးထယ်ခဲဖိတာကို "ကြမ်းတုံးရိုက်" တယ်လို့ခေါ်ပါတယ်။ကြမ်းတုံးရိုက်တဲ့အခါ....လူကကြမ်းတုံးပေါ်မတ်တတ်စီးလိုက်ပါတယ်။စိုက်ထားတဲ့ဒုတ်ကြီးကိုကိုင်လို့၊နွားကြိုးကိုင်လို့ပေါ့။အဲ့လို့ကြမ်းတုံးရိုက်တဲ့အချိန်ဆို...ရေနွေးကြမ်းပို့ရင်း၊ကျနော်ကြမ်းတုံးလိုက်စီးပြီ။အဖေမောင်းနေတဲ့ကြမ်းတုံးပေါ်အဖေနဲ့လိုက်စီးရင်း၊ထွန်စပ်ယူပုံ၊နွားမောင်းပုံတွေ...အမြင်နဲ့သိလာ၊တတ်လာတာပဲ။ကိုယ့်အကွက်နဲ့ကိုယ်ဆိုတော့၊၃ကြောင်းတစပ်ဆိုဘယ်အနားရောက်ရင်...ဟိုးတဖက်ကဘာကိုဦးတိုက်ထားမောင်းမယ်၊၄ကြောင်းတစပ်ဆိုဘယ်လိုယူမယ်စသည်ဖြင့်၊လက်တွေ့မှတ်မိလာသိကျွမ်းလာတာပဲ။နောက်တော့....ကျနော်နွားစမောင်းပြီ အကွက်ထဲဆင်းပြီပေါ့။ထွန်မမောင်းခင်ကြမ်းတုံးရိုက်ပြီပေါ့။တစပ်မက၂စပ်၃စပ်လည်းမောင်းလို့ရတယ်၊ထွန်ကြောင်းကျော်သွားထပ်သွားလည်းကိစ္စမရှိဘူး။ထယ်ထိုးပြီးသားဆိုတော့ငုတ်တွေ ခဲအကြီးကြီးတွေလည်းမရှိဘူး။ကြမ်းတုံးရိုက်ရင်းနဲ့တရာသီလောက်..အတော်မောင်းလိုက်ရရင်ထွန်အစပ်ယူပုံသာမက၊အတိုင်အလှည့်နွားတွေကိုဘယ်လိုထိန်းကျောင်းကိုင်တွယ်မောင်းနှင်ရမယ်ဆိုတာပါသဘောပေါက်လာရတာပဲ။လက်တွေ့ကရတဲ့အသိပေါ့နော်။အဲ့လိုနဲ့ကျနော်၅တန်းအရွယ်လောက်မှာ...အိမ်ကနွားထမ်းပိုးတင်ထွက်၊အကွက်ထဲကျကြမ်းတုံးရိုက်တဲ့အလုပ်ကိုကောင်းကောင်းလုပ်တတ်ခဲ့တယ်။ကျနော်ကြမ်းတုံးရိုက်နေတုန်း၊အဖေကကန်သင်းခုတ်တာတို့၊တခြားအကွက်မှာမြက်ကောက်တာတို့၊စည်းရိုးပြင်တာတို့လုပ်လို့ရတာပေါ့။ ကြမ်းတုံးရိုက်ပြီးတရက်နှစ်ရက်လောက်ထားတဲ့အခါမြက်ခေါင်းတွေပုပ်သွားတယ်ဆိုရမယ်။ လုပ်နေကျအစီအစဥ်အတိုင်းဆိုရင်၊မိုးလေဝသအရအချိန်လည်းရှိသေးတယ်ဆိုရင်၊ကြမ်းတုံးရိုက်...နှပ်ထားပြီးတဲ့အကွက်ကိုထယ်ထပ်ထိုးပါတယ်။" ထယ်ပြန်ထိုး" တယ်လို့ခေါ်ပါတယ်။ ထယ်ပြန်ထိုးပြီးကြမ်းတုံးတစပ်လောက်ရိုက်၊ပြီးတော့ထွန်မွှေရပါပြီ။မြက်ပေါင်းတွေကျန်သေးရင်အဲ့အချိန်မှာလူအားနံမြက်ကောက်ပစ်ရပါတယ်။ထွန်အနည်းဆုံး ၄ စပ်လောက်၂ရက်ဆက်မောင်းလိုက်ရင်၊စပါးစိုက်လယ်ဖြစ်ဖြစ်...ကုန်းကွက်ဖြစ်ဖြစ်...မျိုးချဖို့အဆင်သင့်ဖြစ်ပါပြီ။ကျနော့်အစူအစဥ်ကိုပြန်ပြောရရင်...၅တန်း၆တန်းလောက်မှာကျနော်ကြမ်းတုံးကောင်းကောင်းရိုက်တတ်ပါပြီ။၇တန်းလောက်မှာကုန်းခင်းမှာထွန်ကောင်းကောင်းမောင်းတတ်ပါပြီ။စပါးစိုက်လယ်ထဲမှာလည်းစမောင်းတတ်ပါပြီ။ ကျနော်ကကျောင်းပိတ်ရက်တွေမှာသာလိုအပ်ရင်လိုအပ်သလိုလိုက်လုပ်ရတာ၊မူလတန်းပြီးက ထည်းကကွင်းထဲရောက်နေတဲ့ကျနော့်ငယ်သူငယ်ချင်းတွေဆို၊ဒီ့ထက်ပိုလုပ်နေကိုင်နေရပြီပေါ့။အချို့ရက်တွေမှာ...နွားကျောင်းလိုက်ရတဲ့အခါ၊သူငယ်ချင်းတွေနဲ့အချိန်များများအတူတူနေရ၊အတူတူပျော်ရတာတွေလည်းရှိပါတယ်။ ဒီအပိုင်းလေးက...ငယ်စဥ်ကထည်းကလယ်ယာလုပ်ငန်းခွင်မှာဘယ်လိုဆက်စပ်ပါဝင်ခဲ့တယ်၊ကျနော်ဘယ်လို...ထွန်စမောင်းနိုင်ခဲ့တယ်ဆိုတာကို ပြန်ပြောင်းအမှတ်ရမိတာလေးတချို့ပါ။ အောင်မော် သြဂုတ်လ ၂၁ ရက်၊ ၂၀၂၄
ဟိုတပါတ်တနင်္ဂနွေ နေ့က ပြည်မြို့ကို သမား တော်နဲ့ပြဖို့ သွားခဲ့တယ်။ဘတ်စ်ကားနဲ့ဆိုအဆင်မ ပြေတာနဲ့ အငှားကားလေးတစီး အသွား-အပြန် တနေ့စာ ပေးသွားခဲ့တာ။သူ့ကားကအငှားလိုက်တော့ သူသူငါငါစီးကြတာ ပေါ့။ကားပေါ်ထိုင်နေရင်းခုံကြားထဲမှာ အပြာနု ရောင်စာရွက် ခေါက်က လေး မြင်လိုက်လို့စိတ်ဝင်စားပြီး ကောက်ယူလိုက်တယ်။ဘာညာဘာညာ တွေ ရေးထားတာလား အထင်နဲ့။ ဖြန့်ကြည့်မိ တော့၊စာပွဲတင်မှတ်စုစာအုပ် Table Note Pad တခုက ရေးပြီးသားကိုဆွဲဆုတ်ထားတာသတိပြုမိတယ်။လက်ရေးကသပ်သပ်ရပ်ရပ်ပါ။ ရေးထားတာက လစဉ်အသုံးစာရင်းအကြမ်း လေးပါဘဲ။အပြည့်အစုံလည်းဟုတ်ဟန်မတူပါဘူး။ခေါင်း စည်းက Oct/2025 ဆိုတော့လွန်ခဲ့တဲ့လက အသုံး စာရင်း။ ဖတ်ကြည့်လိုက် တော့............ *ခရိုင်ဦးစီးမှူးသမီးမင်္ဂလာလက်ဖွဲ့ . ၅၀၀၀၀ *ကလေးများကစားကွင်းလိုက်ပို့.. ၃၀၀၀၀ *သားငယ် လေးဆရာမလက်ဆာင်. ၂၅၀၀၀ . *Blacky အတွက်အသားဗူး၂ဗူး.. ၆၅၀၀၀. *ပန်းအိုး/ပန်းပင် . ၈၀၀၀၀. *အမေ့အတွက်ယခုလမုန့်ဖိုးပို့. ၃၀၀၀၀. *ရပ်ကွက် ကထိန်အလှူ ငွေ.. ၁၀၀၀၀. *အေမီ ဆိုင်အထည် ကြွေးဆပ်. ၁၂၀၀၀၀. *ကိုကိုအတွက် ခါးပတ်တခု. ၆၀၀၀၀ .. *မီတာခ. ၃၂၀၀၀ စာရင်းကဒီမှာပဲဆုံးသွားတယ်။အိမ်သုံးစရိတ် တွေ မပါ သေးဘူး။မနေနိုင်မထိုင်နိုင် ပေါင်းကြည့် လိုက် တော့၊ အာပါး....ငါးသိန်းလောက်။အမျိုး အစားကဗာဟီရပဲရှိသေးတာနော်။ဆန်ဖိုး၊ဆီဖိုး၊အသားငါးဖိုး၊ ကျောင်းစရိတ်၊ကျူရှင်လခ၊မုန့်ဖိုး .....စတဲ့ဟဲဗီး တွေမပါ သေးဘူး။ပါးပါးလေးသုံးထားတာ တောင် ကိုယ့်တမိသားစု တလစာ အသုံးစုစုပေါင်းထက် ပို နေပြီ။ စပ်စပ်စုစုဆို ကားသမား လေးနည်းနည်း မေးကြည့်သိနိုင်တာ ပေါ့။ဘယ်နေ့ကဘယ်ဘောစိ သူ့ကားစီး ခဲ့သလဲ အစ်ကြည့်အလွယ် လေး။ဒီလောက်သုံးနိုင်ရင် ကိုယ်ပိုင်ကားလည်းရှိမှာပါ။ကားက တ ယောက်ကတ နေရာသွား ေနတုန်း၊ တယောက်ကအခြားတ နေရာသွားချင်လို့၊ဒီအငှားကားကိုစီးတာဖြစ်မှာဘဲလို့ဆက် တွေးလိုက် သေး။ ပြီးမှကိုယ့်ကိစ္စ ကိုယ် ပြန်အာရုံ ရောက်လာတယ်။ သမား တော်ကိုပြရတာ ဒါပါဆို ၃ ကြိမ်ရှိပြီ။ကား ခကချည့် ၆၀၀၀၀ ကျပ်။ပထမအကြိမ်ကဆို ဟိုဟိုဒီဒီစစ် ဆေးခ တွေကချည့် နှစ်သိန်းပြူပြူ။ဆေးဖိုးက တလစာ တသိန်းလောက်။ အခုလည်း အိတ်ထဲမှာ နှစ်သိန်း ပါလာတာ လောက် ကောင်းပါရဲ့...။ သမား တော် ဆေးခန်းကို စော စောကြွလာပါ စေ။ ကိုယ့်အလှည့် စော စော ရောက်၊မြန်မြန်ပြီးပါ စေ။ " ဒီတ ေခါက်တလစာ ဆေးယူသွား၊အဘ နှလုံး ရောဂါ ပျောက်ပါပြီ " လို့ ဆရာဝန်က ပြောပါစေ။ ဒါမှ မွန်းမတည့်မီကိစ္စဝိစ္စပြီးရင်၊ကားသမားကိုကားငှားခ ၅၀၀၀ လျှော့ ပေးမယ်။တနေကုန်မဟုတ်ရင် ဈေးဆစ်လို့ရတယ်။ပြီးတော့ သားအဖနှစ် ယောက် အိမ်ရောက်မှ နေ့လည်စာစားတော့၊ပြည်မှာ ထမင်းစရိတ် ၁၅၀၀၀ သက်သာမယ်.....တရိပ်ရိပ် ပြေး နေတဲ့ကား လေးပါ်ထိုင်လိုက်ရင်း၊ကိုယ်လည်းစိတ်ထဲက စာရင်းတွက် နေခဲ့မိတယ်။ ဆုတောင်းမပြည့်တပြည့်။စောစောပြရပြီးမွန်းမ တည့်မီပြန်နိုင်ခဲ့ပေ့မယ့်.......ဝေဒနာကမ ပျောက်ကင်းသေးဘူးတဲ့။နောက် ၁၄ ရက်ခွာပြီးပြန်ချိန်းဆိုလိုက်တယ်။ မြစ်တော့အလျားလိုက်ကူးမိပြီထင်ပါရဲ့။
