Thursday, October 29, 2026

မှတ်မိသမျှ.............. ......................အပိုင်းအစကလေးများ (၃) ၁၉၆၅...၆၆...၆၇ ကာလများကိုပြန်အမှတ်ရမိသမျှတော့....အတော့်ကိုမပြေလည်တဲ့ကာလ၊ ဒုက္ခဆင်းရဲနဲ့အလွန်ကြပ်တည်းတဲ့ကာလဆိုးကြီးလို့သာဆိုချင်ပါတယ်။မြို့နယ်အရှေ့ခြမ်း..ပဲခူးရိုး မတောင်ခြေကျေးရွာတွေမှာဗကပရဲ့၆၄လမ်းစဥ်အရ..အာဏာနီတည်ဆောက်ရေးလှုပ်ရှားမှုတွေ ဖြစ်နေပြီး၊စစ်တပ်ကလည်းတပ်မ၇၇ တပ်မ၉၉ ကတပ်ရင်းတွေနဲ့ထိုးစစ်ပြင်နေပါတယ်။ရွာတွေမှာလည်းညအချိန်မတော်ဝင်ပြီးပေါ်တာဆွဲတာတွေလုပ်နေပါတယ်။ အဲ့တုန်းကမြို့နယ်သမဝါယမအသင်းမရှိသေးပါဘူး။အစိုးရရဲ့ ပပက လို့ခေါ်တဲ့ပြည်သူ့ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်းတွေက၊ကျေးရွာအုပ်စုအလိုက်ကုန်ပစ္စည်းများခွဲတမ်းနဲ့ ဖြန့်ချိနေတဲ့ကာလဖြစ်ပါတယ်။ဆန်ဆီဆားလဘက်ခြောက်ကအစစားသုံးကုန်အားလုံး၊အဝတ်အထည်အားလုံး...ကုန်သွယ်ရေးကပဲချုပ်ကိုင်ဖြန့်ချိနေတဲ့အချိန်ပါ။အစစအရာရာရှားပါးနေတဲ့ကာလဆိုးကြီးပါ။ ကျနော်မှတ်မိသလောက်၁၉၆၆...၁၉၆၇ စာသင်နှစ်မှာကျနော်က HSF ခေါ် SLC ခေါ် ၉ တန်းပါ။အဲ့နှစ်ကမိုးကလည်းအတော်ခေါင်ပြီး..တောဖက်တွေမှာလည်းမငြိမ်မသက်ဖြစ်နေတော့၊သစ်ခုတ်ဝါးခုတ်ကအစအလုပ်အကိုင်ပါးရှားပြီးအားလုံးလိုလိုဆင်းရဲကြပ်တည်းကြပါတယ်။ဆန်စျေးကလည်းတတင်းကို၈၀ကျပ်ဆိုတော့၊အမေတို့အဖေတို့ဘယ်တုန်းကမှမကြုံဖူးတဲ့စျေးလို့ဆိုကြပါရဲ့။ ကျနော့်အဖေမှာစပါးစိုက်လယ်မြေက...သူ့များအစွန်းထွက်လောက်ရှိပြီး၊နေရာကလည်းရွာနဲ့နီးပေမယ့်အလွန်ရေခေါင်ပါတယ်။တကယ်တော့အဖေ့အဖြစ်က လယ်လုပ်ကွက်အနည်းငယ်သာရှိပြီးလယ်ကူလီပါလုပ်ရတဲ့၊တဝက်တပျက်လယ်သမားတဝက်တပျက်လယ်ကူလီပါ။မိုးဦးခေါင်ခေါင်၊မိုးနှောင်ခေါင်ခေါင်...မိုးနည်းနည်းခေါင်ကို၊ကျနော်တို့လယ်ကွက်ကလေးကတံစဥ်လွတ်ဖြစ်ရတာပါဘဲ။အဲ့တော့ ၁၉၆၆..၁၉၆၇ကာ လတွေမှာ မိုးဆက်တိုက်ခေါင်တာကြောင့်လုပ်ကွက်အတော်အတန်ရှိတဲ့သူတွေတောင် မိုးလည်လောက်မှာဝမ်းစာပြတ်ကြရပါတယ်။အစကထည်းကဝမ်းစာအပြည့်မထည့်နိုင်ပဲမတ်တတ်လုပ်မတ်တတ်စား..လယ်ကူလီတပိုင်းတွေ၊လက်လုပ်လက်စားတွေ၊လယ်ကူလီတွေအဖို့ပိုပြီးဆင်းရဲငတ်ပြတ်ပြီပေါ့။ပြောင်းဖူးပေါ်ချိန်မိုးလည်လောက်(Jul...Aug)မှာ၊မိသားစုအတော်များများ...ဆန်ကိုပြောင်းနဲ့ခုပြီး ထမင်းအဖြစ်အပွားခတ်ချက်စားကြရတဲ့အဖြစ်မှာ၊ကျနော်တို့မိသားစုလည်းခြွင်းချက်မဟုတ်ပါဘူး။ပြောင်းဖူးစေ့နဲ့ဆန်...တဝက်စီလောက်ရောချက်ထားတဲ့ ပြောင်းထမင်းကိုရက်သတ္တပတ်အတန်ကြာစားခဲ့ရပါတယ်။ဟင်းသီးဟင်းရွက်ကတော့မိုးရာသီကာလဆိုကျနော်တို့ခြံထဲမှာအတော်စုံပါတယ်။ အဲဒါရောင်းပြီးဆန်ဝယ်စားရတာဘဲဟာ။ပြောင်းရောထမင်းစားရပေမယ့်၊ခရမ်းချဥ်သီးငပိချက်၊ခရမ်းသီးနှပ်၊ရွှေဖရုံသီးချက်၊ပဲသီးကြော်၊ချဥ်ပေါင်ဟင်း...စတာတွေတော့ပေါပေါသီသီစားနိုင်တယ်ဆိုရမယ်။အဲ....ဆီကတော့ပါတယ်ဆိုရုံလောက်ပေါ့။ ဒါပေမယ့်....ကျနော့်မိဘများကကျနော့်ကိုတော့ကျောင်းဆက်ထားဖြစ်အောင်ထားပါတယ်။စပါးကြိုတင်ပေး၊ကောက်ရိတ်ခကြိုတင်ပေး၊နွားကျောင်းခ....စတာတွေယူပြီးဖြစ်ညှစ်ကြိုးစားကျောင်းထားပေးတဲ့အဖေတို့စေတနာကိုတရံမလတ်အမှတ်ရလျက်ပါ။အဲ့တုန်းက၈..၉..၁၀ တန်းတွေဆိုကျောင်းလခပေးရပြီ။ကျောင်းသုံးစာအုပ်တွေကလည်းဝယ်ရတော့၊များသောအားဖြင့်..မိမိထက်တနှစ်စောတဲ့စီနီယာကျောင်းသားအတန်းတက်သွားရင်၊သူ့ဆီကပြဌာန်းစာအုပ်တွေကိုမူလစျေးတဝက်နဲ့ပြန်ဝယ်သုံးရပါတယ်။၅ တန်းကနေ ၇တန်းထိ..အဲ့လိုပဲစာအုပ်ဟောင်းတွေပြန်ဝယ်သုံးခဲ့ရတာပါ။ကျနော်၈ တန်းရောက်တဲ့နှစ်မှာဝိဇ္ဇာ.. သိပ္ပံ..စခွဲတော့၊တနှစ်စောပြဌာန်းစာအုပ်ဝယ်သုံးလို့မရတော့ပါဘူး။အားလုံးအသစ်ဝယ်ရတော့ကျနော့်အဖေကံဆိုးပြီပေါ့။ကျောင်းသုံးစာအုပ်အသစ်ဖိုးရဖို့အတော့်ကိုကြိုးစားလိုက်ရတယ်ဆိုရမယ်။ အဲ့ခေတ်ကကျောင်းဝတ်စုံကအခုလိုအဖြူအစိမ်းပါဘဲ။ကျနော်ပြောတဲ့၉တန်းနှစ်မှာ ကုန်သွယ်ရေးက....ကျောင်းအလိုက်ပုဆိုးအစိမ်း(မိန်းကလေးဆိုအထက်ဆင်တတ်ထဘီလုပ်ဝတ်ပေါ့)တွေရောင်းပေးပါတယ်။ဒါပေမယ့်အလုံအလောက်မပေးလို့အတန်းထဲမှာအတန်းအလိုက်ရတဲ့အရေအ တွက်ကိုမဲနှိုက်ရပါတယ်။လူဦးရေရဲ့တဝက်လောက်ပဲရတယ်ထင်ပါတယ်။ဒါပေမယ့်ဝယ်ခွင့်ရတဲ့သူက..နောက်နေ့ချက်ခြင်းဝယ်ယူရမှာပါ။ ကျနော်မဲပေါက်တယ်ဆိုပါတော့။ပုဆိုးဖိုးက ၁၄ ကျပ်လား ၂၄ ကျပ်လားမမှတ်မိတော့ပါဘူး။ကျောင်းဆင်းလို့အိမ်ရောက်တော့ပုဆိုးစိမ်းဝယ် ခွင့်မဲပေါက်ကြောင်း၊မနက်ဖန်လက်ငင်းပေးချေဝယ်ရမှာဖြစ်ကြောင်း...အမေ့ကိုပြောတာပေါ့။ ပြောသာပြောရတာအဲ့လောက်ပိုက်ဆံဘယ်ထွက်လာပါ့မလဲ....အသိသားပေါ့။ရွာထဲကသီးနှံ/လုပ်အားခကြိုတင်ပေး..ပေးတဲ့သူဆီကလည်း ကျောင်းဖွင့်စကကျောင်းအပ်စရိတ်အတွက်ယူထားပြီးသားဆိုတော့ဘယ်ထပ်ရတော့မလဲ။ကျနော်တို့လယ်ကစပါးဘယ်လောက်ပဲရနိုင်မယ်ဆိုတာသူကသိပြီးသားလေ။ကျနော်ကလည်းပုဆိုးစိမ်းအသစ်ရမှရယ်လို့လည်းမပူဆာပါဘူး။ရှိတဲ့အစိမ်းဟောင်းလေးနဲ့အခြားဝတ်စုံဟောင်းများနဲ့...အပတ်လည်အောင်ဝတ်လို့ရပါတယ်။အိမ်ခြံကလည်းဟင်းသီးဟင်းရွက်သိတ်မထွက်သေးဘူး။ပဲသီး၊ခဝဲသီး၊သခွားသီး၊ခရမ်းသီး.. တွေအထွက်လှိုင်လာရင်...တပတ်လောက်ရောင်းစု...ရနိုင်ပါတယ်။အခုတော့ဇူလိုင်လောက်မှာကအထွက်မလှိုင်သေးဘူးရယ်။ နောက်တနေ့.....ကျောင်းမှာအတန်းပိုင်ဆရာကိုမိမိအကြောင်းပြောပြတာပေါ့။ဆရာကလာအိမ်ခနလိုက်ခဲ့...ခေါ်တော့သူ့အိမ်လိုက်သွားရတယ်။ဆရာကကျောင်းရှေ့လမ်းမကြီးဟိုတထက်မှာအိမ်ငှားနေတာ....တကယ့်အနီးကလေးပါဘဲ။ သူ့အိမ်ရောက်တော့ဆရာကကျသင့်တဲ့ပုဆိုးဖိုးကျနော့်ကိုပေးပြီး၊ကျောင်းခန်းတခုမှာပုဆိုးလာရောင်းပေးနေတဲ့ပပကဆိုင်မှာပုဆိုးသွားဝယ်စေတယ်။မင်းအဆင်ပြေမှပြန်ပေးပေါ့.....တဲ့။ကျနော်ဝမ်းလည်းသာကျေးဇူးလည်းတင်လိုက်တာပြောမပြတတ်အောင်ဘဲ။အိမ်ကျအမေ့ပြောပြ၊ အမေကလည်းဝမ်းသာကျေးဇူးတင်....ပေါ့။ အဲ့အတွင်းတိုင်ထောင်ပဲလေးတွေလည်းအထွက်လှိုင်လာတော့၊အမေစျေးထွက်...ပဲသီးဖိုးလေးတွေစု၊နှစ်ပတ်လောက်ကြာတော့ပုဆိုးဖိုးပြည့်၊ဆရာကိုပြန်ပေးရမှာပေါ့။တနေ့...ကျောင်းကိုစောစောထွက်လာပြီးဆရာငှားနေတဲ့အိမ်ထဲဝင်ဆရာ့ထံကယူငွေကိုပြန်ပေးတော့၊ဆရာကမယူဘူး။အင်္ကျီဝယ်ဝတ်လိုက်ပါကွာ...ဆရာကမင်းကိုကူညီတာပါ။မင်းအမေကိုပြန်ပေးလိုက်..တဲ့။ကျနော်ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။တကယ်အခက်အခဲတွေ့နေစဥ်မှာချေးငှားရုံမက ပြန်ပေးတာတောင်မယူတော့တဲ့...ဆရာ။ကျနော်ဘယ်တော့မှမမေ့ပါဘူး။မိမိတို့မြို့ကပြောင်းသွားပြီးဘဝပင်လယ်မှာဆရာလည်းကြုံသလိုမျော ကျနော်လည်းကြုံသလိုမျော။မိမိသားသမီးများကိုလည်းအဲ့အဖြစ်ခနခနပြောပြဖြစ်ပါရဲ့။ဆရာ..ဆရာမတွေဖြစ်နေတဲ့မိမိသားသမီးများကိုတော့ဆရာဆိုတာဘယ်လို....စသည်ဖြင့်ပေါ့။ဆရာကဓာတုဗေဒသင်ပြီး...ဗေလင်စီညှိရတဲ့အီကွေးရှင်းဆွဲနည်းကို၊နားမလည်လည်အောင်၊မတတ်တတ်အောင်သေးပေးခဲ့တာ..သူ့တပည့်တိုင်းအမှတ်တရရှိကြပါရဲ့။ နှစ်ပေါင်းများစွာကြာ......လို့၊မိမိတို့အထကသက်ကြီးအာစရိယပူဇော်ပွဲတခုမှာ၊ဆရာလည်းအသက်၆၀ပြည့်..အငြိမ်းစားယူလို့...လာကန်တော့ခံမှပြန်တွေ့ရပါရော။မိမိကိုယ်မိမိကျောင်းသားအရွယ်ပြန်ဖြစ်သွားသလိုတောင်ခံစားမိသွားတယ်။ခါတိုင်းအမှတ်ရတဲ့အခါဆရာ့ကိုအမှတ်ရအလေးအမြတ်ပြုကန်တော့ခဲ့တာ၊အခုတော့လူကိုယ်တိုင်တွေ့ရ၊စကားပြောရ၊ကန်တော့ရတာ...တကယ့်ကိုဝမ်းသာကြည်နူးရတယ်။ကွဲကွာသွားတာဆယ်စုနှစ်တွေအများကြီးရှိသွားပေမယ့်ဆရာကလည်းအသေအချာမှတ်မိတယ်။မိမိမျက်စိထဲမှာလည်း...ဆရာကအရင်ကလိုပဲတိုက်ပုံအင်္ကျီခပ်ပွပွ...ဘိုသီဘတ်သီပါဘဲ။ ၃နှစ်လောက်ဆက်တိုက်တွေ့ရဆုံရကန်တော့ခဲ့ရတာ၊ကိုဗစ်ဖြစ်တဲ့နှစ်ကတော့...သူငယ်ချင်းမတွေနဲ့ဆရာ့အိမ်အရောက်သွားကန်တော့ခဲ့ပါသေးရဲ့။ဆရာက...ပေါင်းတလည်မှာနေတာလေ၊အမည်က...ဦးခင်ဖေ တဲ့။ကိုဗစ်ဖြစ်တဲ့နှစ်ကစပြီးခေတ်အခြေအနေအရ....အထကသက်ကြီးအာစရိယပူဇော်ပွဲမလုပ်နိုင်တာ..အခုထိဆို၄နှစ်လောက်ရှိပြီ။မိမိလည်းကျန်းမာရေးကတယ်မကောင်းတော့ပေါင်းတလည်ကဆရာ့ဆီမရောက်နိုင်တော့။ဆရာနဲ့မဆုံရတာကြာပြီဆိုပါတော့။ ဘဝတကွေ့မှာတကယ့်မမေ့နိုင်စရာအမှတ်တရဖြစ်ရတဲ့ကျေးဇူးရှင်ဆရာကို၊နောင်လည်းအမြဲအမှတ်ရနေရုံမက...အလေးအမြတ်ပြုကန်တော့လျက်ပါဆရာ။အခြေအနေအရပ်ရပ်ကောင်းလာရင်....ခါတိုင်းလိုပဲတပည့်ဟောင်းဆရာဟောင်းတွေပြန်ဆုံနိုင်ကြတဲ့အထိ၊ဆရာရောတပည့်ပါသက်ရှည်ကျန်းမာရှိပါရစေလို့ပဲ..ဆန္ဒပြုမိပါရဲ့။ 

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home