အောက်တိုဘာလ ၂၂ ရက်၊၂၀၂၆ . မနေ့ညက Audiobook တခုနားထောင်နေရင်း ၁၀နာရီမထိုးမီအိပ် ပျော်သွားတယ်။နားထောင်နေတဲ့ Tablet က ၁၀:၃၀ ဆို Auto stop သူ့ဖာ သာပိတ်သွားအောင်လုပ်ထားတာ။မနက်ကျ ၄ နာရီသာသာလောက်မှာနိုး လာတယ်။ခါတိုင်း ၆နာရီနီးမှနိုးတာ၊ညက စောစောအိပ်ပျော်လို့ အခုမနက် ခါတိုင်းထက်စောနိုးတာပေါ့။အိပ်ယာထဲမှာလှဲနေရင်း လောက်စပီကာသံ သဲ့သဲ့ကြားရတယ်၊သဲ့သဲ့ဆိုပေမယ့် တိတ်ဆိတ်နေတဲ့အရုဏ်မတက်မီကာလ မို့ သဲသဲကွဲကွဲတော့ရှိတယ်။ပထမတော့ ကျေးလက်ဖေးဘရိတ်အဆိုတော်ရဲ့ သီချင်းသံ၊နောက်တော့ " ရပ်သစ်ကျေးရွာ ဆွမ်းလောင်းပွဲတော်............" စသည်ဖြင့်။ဪ.....မြန်မာပြက္ခဒိန်အရ ဒီနေ့ သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ပါလားလို့ အာရုံပြုမိသွားတယ်။ . ကျနော်တို့မြို့လေးမှာ ဝါဆိုလပြည့်ကျော် ၁ရက်နေ့ကစလို့ သီတင်း ကျွတ်လပြည့်ကျော် ၁ ရက်နေ့ထိ၊ဝါတွင်း ၃ လပါတ်လုံးရပ်ကွက်အလိုက် အရုဏ်ဆွမ်းလောင်းလှူကြကြောင်း နဲ့ကျနော်တို့ငယ်စဉ်ဘုန်းကြီးကျောင်း သားအဖြစ်ဆွမ်းဝတ်ပို့ကြဆွမ်းခံခဲ့ကြပုံများကို အရင်တလောကကျနော်အ မှတ်တရ ရေးခဲ့ဖူးပါတယ်။ဝါတွင်းစောစောပိုင်းကာလတွေမှာမြို့ပေါ်ရပ် ကွက်များကပဲ အလှည့်ကျလောင်းလှူကြပေမယ့်၊ဝါတွင်းနောက်ပိုင်းရက် တွေမှာ မြို့နဲ့မနီးမဝေးရွာတွေက ကိုယ့်ရက်နဲ့ကိုယ်တာဝန်ယူလောင်းလှူ ကြပါတယ်။ကျနော်အမှတ်မမှားဘူးဆို တော်သလင်းလပြည့်ကျော် ၈ ရက်နေ့ အရုဏ်ဆွမ်းကစလို့ထင်ပါရဲ့။သီတင်းကျွတ်လဆန်း ၁၄ ရက် တောင်ရွာ၊ သီတင်းကျွတ်လဆန်း ၁၅ ရက်( လပြည့်နေ့) ရွာထောင်ဆိုတာတော့အတိ အကျမှတ်မိတယ်။ကျနော်တို့ကျောင်းသားတွေလည်း မြို့ထဲချည့်ချောင် လည်ချောင်ပတ်သွားနေရရာက၊ရွာတွေဆီသွားရတာကို သဘောကျကြ တယ်။ပျော်လည်းပျော်ကြတယ်။ . ကျနော်တို့ရွာကမြို့နဲ့အနီးဆုံးဖြစ်ပြီးအိမ်ခြေလည်း ၁၅၀ ကျော်ရှိ တော့၊ဝါလည်လောက်မှာပဲ မြို့ပေါ်ရပ်ကွက်များလိုအလှည့်ကျ ၂ကြိမ် လောက်တာဝန်ယူလောင်းလှူပါတယ်။ရွာအခေါ် ဘုံဆွမ်း လောင်းတာလို့ ခေါ်ပါတယ်။တရွာလုံး စုပေါင်းတာဝန်ယူတာပေါ့။တအိမ်ကို ဆွမ်းဆန် ဘယ်လောက်၊အလှူငွေဘယ်လောက်စသည်ဖြင့်လှည့်လည်ကောက်ခံစုဆောင်းပြီးမှချက်ပြုတ်လှူဒါန်းတာပါ။ခွဲတမ်းကျမကောက်ပါဘူး၊တတ် နိုင်သူကတတ်နိုင်သလောက်ထည့်လှူကြရတာမျိုးပါ။ကျနော်တို့ရွာကတောင် ပိုင်း၊မြောက်ပိုင်း၂ပိုင်းရှိတော့၊တပိုင်းတကြိမ်စီ ဘုံဆွမ်းလောင်းကြတာပါ။ . ဝါနှောင်းကာလမှာရွာတွေကလောင်းလှူတဲ့အရုဏ်ဆွမ်းလောင်းပွဲကို တော့ #တန်းကြီးလောင်း လို့ခေါ်ကြပါတယ်။စုပေါင်းတာဝန်ယူကြတဲ့ဘုံ ဆွမ်း....ရပ်ဘုံဆွမ်းမဟုတ်တော့ပါဘူး။ကိုယ့်အိမ်နဲ့ကိုယ် ဆွမ်းချက်ပါတယ်၊ဥပမာ....ကျနော်တို့အိမ်ဆို ဆန် ၂ ပြည်ချက်တယ်။ဟင်းလျာလည်းကိုယ့် အိမ်နဲ့ကိုယ်ချက်ပါတယ်.....ဥပမာ- - - ကျနော်တို့အိမ်ဆို ဝက်သား ၂ပိဿာ ချက်ပါတယ်။ဆန်းဖိုး၊ဟင်းဖိုး ကို ငွေပဒေသာပင် ၃ ခုလောက်စီစဉ်ပြီး၊ ဆွမ်းလောင်းပွဲမှာ ဘုန်းတော်ကြီးကျောင်းများကို မဲနှိုက်...နဝကမ္မအလှူငွေ ကပ်လှူတာမျိုးလည်းရှိပါတယ်။ဆွမ်းဟင်း၊ဆွမ်းထမင်း ချက်ပြုတ်ရမှာ အဆင်မပြေတော့ပဲ၊လက်ခွဲအဖော်အလှော်ငယ်ငယ်မရှိတဲ့သက်ကြီးရွယ်အိုမိသားစုများကလုပ်လေ့ရှိကြပါတယ်။ပဲဟင်းလို၊ချဉ်ရည်ဟင်းလိုအရည် သောက်ဟင်းနဲ့ငြုတ်သီးကြော်၊မျှစ်ချဉ်ကြော်စတာမျိုးကိုတော့ ရပ်ဘုံစုပြီး တော့ပဲချက်ပြုတ်လောင်းလှူပါတယ်။မနက်ဖန်အရုဏ်ဆွမ်းလောင်းမယ်ဆို ဒီနေ့လိုနေ့မှာဟင်းလျာအတွက်တနေ့လုံးစီစဉ်နေကြရတာပေါ့။များသော အားဖြင့်ရွာထဲက လူတချို့က ဝက်သားပေါ်ကြ၊လည်ရောင်းကြတာပါဘဲ။ ကောင်းမှုကုသိုလ်ပြုတဲ့နေ့မှာမှ သူတို့က ပါဏာတိပါတ ကံကျူးလွန်ပြီး ဝက်သတ်ကြတယ်လား.....လို့နှာခေါင်းရှုံ့ချင်စရာပေါ့နော်။ဒါပေမယ့်သူတို့စီစဉ် ပေးလို့ဒါနရှင်များ လှူဒါန်းဖြစ်ရ၊သူတော်ကောင်းများသုံးဆောင်တော်မူကြ ရတာမှလား။သာဓုခေါ်စရာမဟုတ်တောင် " မသာဓု" လည်းခေါ်လို့မဖြစ်ဘူး ဆိုချင်ပါရဲ့။ အရုဏ်ဆွမ်းလောင်းမယ့်နေရာကို အဲ့ညနေကထည်းက သန့်ရှင်း ရေးလုပ်၊စာပွဲထိုင်ခုံတွေချ။အခုလျှပ်စစ်မီးရလာပြီးတဲ့ကာလများကျတော့ မီးကြိုးတွေသွယ်၊ရောင်စုံမီးလုံးတွေချိတ်....ကာလသားတွေအလုပ်ရှုပ်ကြ တာပေါ့။ကျနော်တို့ရွာက တောင်မြောက်အရှည်ကြီးမှာ၊ပြည်-တောင်ငူကား လမ်းကရွာကိုထက်ပိုင်းဖြတ်ပြီးအရှေ့အနောက်ဖောက်ထားတာ။တရွာလုံး ကိုယ့်အိမ်ရှေ့ တောင်မြောက်ရွာလည်လမ်းမှာမလောင်းပဲ၊တရွာလုံးမော် တော်ကားလမ်းထွက် ....အရှေ့အနောက်တတန်းကြီးနေရာယူပြီးလောင်း လှူကြတာလေ။ဆွမ်းလောင်းမယ့်မနက်ကျ ၃:၃၀ လောက်ကထည်းက ဆွမ်း လောင်းမယ့်လုံမ ကြီးငယ်ရွယ်လတ် အားလုံး မီးထိန်ထိန်ကားလမ်းမမှာ သားသားနားနားလှလှပပဝတ်ဆင်ပြီး၊ညတုန်းကနေရာယူထားတဲ့စာပွဲခုံများမှာဆွမ်းလောင်းဖို့ပြင်ဆင်နေကြပြီ။ လျှပ်စစ်မီးမရသေးတဲ့ကျနော်တို့ငယ်စဉ်ကာလကတော့၊မီးကြိုးသွယ် ရောင်စုံမီးလုံးချိတ်တန်ဆာဆင်လို့ဘယ်ရမလဲ။ဒါပေမယ့်...တိုင်ထူ.သွပ်ကြိုးအ ရှည်ကြီးသွယ်တန်းပြီး၊ရောင်စုံမီးပုံးတွေချိတ် ဖယောင်းတိုင်ထွန်းခဲ့ကြတယ်။အရှေ့အနောက် ထိပ်ဖက်၂ဖက်နဲ့အလည်လောက်မှာ၊ရေနံဆီသုံး အောက်လင်းမီးအိမ်ကြီးတွေထွန်းထားလိုက်တာ ဝပ်၅၀၀ အားလောက်တောင်ရှိမယ်ထင်ပါရဲ့။မနက် ၄:၃၀ လောက်မှာဆွမ်းခံမယ့်ဘုန်းတော်ကြီးများ၊ကိုရင်များ၊ကျောင်းသားများစရောက်လာပါတယ်။ဆွမ်းလောင်းလှူမယ့်သူတွေက မီးရောင်အောက်မှာအရှေ့အနောက် ပေ ၃၀၀/၄၀၀ လောက်တတန်းကြီးတန်းစီလျက်ပေါ့။ကလေးတွေကလည်း အိမ်မှာဘယ်ချန်နေခဲ့မလဲ၊ မိဘတွေ အစ်မတွေနဲ့အတူအစောကြီးကထည်းက လမ်းမကြီးကိုလိုက်လာ ပြီး၊မနေ့တနေ့ကထည်းကဝယ်ထားတဲ့မီးပန်းတွေလွှတ်၊ဗျောက်အိုးတွေ ဖောက်နဲ့ တကယ့်ပွဲတော်ကြီး။အဝေးရောက်ရွာသူရွာသားတွေကလည်း အဲ့ဒီတန်းကြီးလောင်းကို တခုတ်တရပြန်လာဆုံစည်းကြ၊ပါဝင်လောင်းလှူကြတာပါ။က ထိန်ပွဲတွေဘာတွေတောင်အဲ့လိုပြန်မလာကြပါဘူး။ကျနော်လည်း ကလေးများသိတ်မကြီးကြသေးပဲ မိသားစုတစုတစည်းရှိချိန်က၊တန်းကြီးလောင်းရက်ဆို ပထမညကထည်းက အဖေနဲ့မောင်နှမတတွေရှိရာ ရွာကိုကြိုရောက်ပြီ။ညစာတပျော်တပါးချက်ပြုတ်စားကြပြီးနောက်တနေ့မနက် နှမများ၊သားသမီးများနဲ့အတူဆွမ်းလောင်းတဲ့အကြိမ်တွေမနည်းပါဘဲ။မှတ်မှတ်ရရ ၁၉၈၅ လောက်ထိထင်ပါရဲ့။သားသမီးများအတောင်အလက်စုံလို့ တနယ်တကျေးရောက်ကြ၊ကိုယ် တိုင်ကလည်းဘဝတွေပြောင်းခဲ့ရ..၊ပြီးတော့ဖခင်လည်းမရှိ၊ညီညီမတွေလည်းမစုံတော့တဲ့အခြေအနေ.........ဆိုတော့၊ဒီဖက်ပိုင်းတွေမှာစိတ်ကူးနဲ့ပဲရောက်ဖြစ်တော့တယ်။ပြောသာပြောရတယ်......အခုခေတ်လူမှုစီးပွားရေး အခြေအနေနဲ့ဟိုတုန်းကလောက်မစည်ကားမပျော်ရွှင်ကြရတော့ပါဘူး။ ရွာထဲမှာ လူစုံတက်စုံမိသားစုက ခပ်ရှားရှားမှလား။😮💨😮💨😮💨😮💨😮💨 အဲ့လိုတန်းကြီးလောင်းရက်က ကျနော်တို့ငယ်ငယ်ကထည်းက ပုံသေရက်ယူထားတာ ခုထိ။သီတင်းကျွတ်လဆန်း ၁၀ ရက် စိုင်ခေါင်း ရွာ၊၁၁ ရက် ရပ်သစ်ရွာ၊၁၂ ရက် သဖန်းချို၊ ၁၃ ရက် ဘန့်ပြင်၊ ၁၄ ရက် တောင် ရွာ၊၁၅ ရက် ရွာထောင်၊လပြည့်ကျော် ၁ ရက် မြို့ထဲကရပ်ကွက်တခုခု....။ အခုကျနော်ပြောခဲ့သလို ဆွမ်းရောဟင်းရော၊ကိုယ့်အိမ်နဲ့ကိုယ်ချက်ပြီးတန်း ကြီးလောင်းတဲ့ရွာက စိုင်ခေါင်း၊ရပ်သစ်၊သဖန်းချို (၃) ရွာပဲရှိတယ်။ကျန် တဲ့ရွာတွေက ကိုယ့်အိမ်နဲ့ကိုယ်ဆွမ်းပဲချက်လောင်းပြီး၊ဟင်းလျာကိုတော့ရပ်ဘုံပဲ စုဆောင်းကောက်ခံချက်ပြုတ်လောင်းလှူကြတယ်။ကျနော်တို့ငယ်ငယ်က စိုင်ခေါင်းရွာအလှည့်ကျတဲ့ရက်မှာ မိုးတွေကသည်းနေပြီး၊ရွာလည်က တောင်နဝင်းချောင်းကြီးကလည်းရေတွေလျှံ.....လို့။စိုင်ခေါင်းရွာကလည်း တောင်စု/မြောက်စုဆိုပြီး ၂စုကွဲနေတော့၊မြောက်စုကိုသွားတော့အဲ့နဝင်း ချောင်းကြီးဖြတ်သွားဖြတ်ပြန်ရတာပေါ့။ရွာက မြို့အရှေ့မြောက်ဖက် မနီးမဝေးလေးမှာရှိပြီး၊ဟိုတုန်းကအခုလိုမြေနီလမ်းမမရှိသေးဘူး။လယ်ကန်သင်း လမ်းတွေကပဲသွားရတာဆိုတော့၊ညကမိုးရွာထားပြီးမြက်ထူထူကြားက ကန်သင်းတွေကရွှံတွေနဲ့ချော.......လို့။နဝင်းချောင်းဖြတ်ရတော့ပိုဆိုးရော။ မြောက်စုဖက်ကိုပထမကူး၊ဆွမ်းခံပြီးတောင်စုဖက်ပြန်ကူး၊တောင်စုမှာဆွမ်းခံ.....အဲ့လိုအစီအစဉ်။မိုးကတညလုံးရွာပြီး အရုဏ်တက်ပြတ်နေလို့တော် သေး။လက်လှော်လှေကြီး၂စီးနဲ့ ဘုန်းကြီးတွေ၊ကိုရင်တွေ၊ကျောင်းသား တွေကို တင်တင်ပြီး၊ဟိုဖက်ဒီဖက်လှော်နေကြတဲ့ရွာသားတွေ...စောစောစီးစီး ချွေးတရွှဲရွှဲ၊ကမ်းပြည့်ချောင်းရေစီးကလည်း တဟဲဟဲ။ကမ်းနှစ်ဖက်မှာ အောက်လင်းမီးအိမ်ကြီးတွေချိတ်လို့၊ဓါတ်ခဲသုံးလက်နှိပ်ဓါတ်မီးတွေက လည်း ချောင်းကိုဖြတ်လှော်နေတဲ့လှေတွေနဲ့ချောင်းပြင်တခုလုံးတဝင်းဝင်း။ လူသံတွေရေစီးသံတွေဆူနေတဲ့ နဝင်းချောင်းဖြတ်ခရီးမှာ၊လှေတခါမှမစီး ဖူးတဲ့ကျနော်တို့တသိုက်ကတော့သပိတ်ကိုယ်စီပိုက်ရင်း....ဇောချွေးတွေထွက် အောင်ကိုကြောက်ရွံ့ စိတ်လှုပ်ရှားနေလိုက်တာများ၊အခုတောင်ပြန်တွေးကြည့်နေရင်း ခံစားမိရပါရဲ့။တောင်ဖက်စုပြန်ရောက်လို့ဆွမ်းခံပြီးမြို့ဖက် ပြန်မှပဲ သက်ပြင်းချဖြစ်ရတယ်။အမှတ်တရမှ တကယ့်အမှတ်တရပါ။အခု တော့ချောင်းကူးတံတားကြီးဆောက်ပြီးသွားပြီမို့၊ဆွမ်းခံသူများ....ကျနော် တို့ခံစားခဲ့ကြတဲ့ရသမျိုး၊ခံစားချင်လို့မှမခံစားနိုင်တော့ဘူးရယ်။😏😏😏😏 . ရပ်သစ်ကတော့ မြို့အရှေ့ဖက် ၂မိုင်လောက်ရှိမယ်။အခုတော့ကျောက် ခင်းလမ်းကရွာကိုအရှေ့အနောက်တိုးလျှိုပေါက်ဖေါက်ထားရုံမက၊ခပ်လှမ်း လှမ်းက တောင်နဝင်းဆည်ဘောင်ကြီးအထိရောက်.......လို့။ဟိုတုန်းကတော့ အင်းကျချောင်းမတိုင်ခင်ကထည်းက ရွာအရောက်၊မိုးရွာပြီးစဆိုတကယ့်ရွှံ့ဘွက်ထူတဲ့လမ်း။လမ်းဘေးတလျှောက်လည်း ပေါက်ပင်ကြီးတွေနဲ့၊လသာ ရက်ပေမယ့် မနက်စောစောကလ မသာတော့ဘူး။မှောင်မဲမဲလမ်းဆိုးဆိုးမှာ ရှားပါးကာလဆိုတော့ဓါတ်ခဲသုံးလက်နှိပ်ဓါတ်မီးကရှေ့ဆုံးကျောင်းသားကြီးလက်ထဲပဲရှိတာ။ကျောင်းသားအားလုံးနီးပါး သပိတ်ထဲမှာဖယောင်းတိုင်ထွန်း ပြီး၊မီးပုံးလေးတွေလိုလုပ်ကြရတယ်။ရွာထဲကျတော့လည်း လမ်းမကြီးမရှိ သေးတော့ရွာထဲမှာ ကိုယ့်အစုနဲ့ကိုယ် နေရာတခုစီမှာစုလောင်းကြတယ်။ ဥပမာ....ရွာမစု၊ကျွန်းတောစု၊ပိုးစာခင်း စသည်ဖြင့်ပေါ့။ရွာထဲကလမ်း တွေကလည်း အခုလိုမြေနီလမ်းမဟုတ်သေးတော့ မိုးရွာပြီးစဆို တကယ့်စိုစိစိ။ အခုတော့ ရပ်သစ်ရော၊စိုင်ခေါင်း၊သဖန်းချို.......လျှပ်စစ်မီးတွေရနေပြီ။ရပ် သစ်လည်း ဆည်သွားတဲ့ရွာလည်ကျောက်ခင်းလမ်းမှာ၊လျှပ်စစ်မီးတထိန် ထိန်နဲ့ တကယ့်တန်းကြီးလောင်းဖြစ်နေပြီပေါ့။ .... တောင်ရွာ၊ဘန့်ပြင်၊ဝက်တိုး၊ရွာထောင်စတဲ့ရွာတွေကျတော့ ရွာထိပ်က ဘုန်းတော်ကြီးကျောင်းမှာ ကြီးငယ်ရွယ်လတ်လုံမပျိုတွေ တန်းစီပြီးဆွမ်း ကိုယ်စီလောင်းကြတယ်။ဆွမ်းဟင်းက ကျောင်းဝင်းတနေရာမှာ ချိုင့်နဲ့ သွားထည့်ယူရတယ်။စောစောစီးစီး မီးရောင်အောက်မှာ ရောင်စုံတောက်ပနေတဲ့ တရွာလုံးကတော၏သမီးပျိုများကို တစုတစည်းတည်းတပျော်တပါးမြင် တွေ့ရတာဟာတကယ့်မင်္ဂလာရှိတဲ့ရှုခင်းပါဘဲ။အရွယ်ရောက်ဘုန်းကြီး ကျောင်းသားတွေ(အများအားဖြင့် အထက ကျောင်းသားတွေပါဘဲ)က လည်း၊အဲ့တန်းကြီးလောင်းရွာတွေဆို မနက်စောစောစီးစီး မွှေးကြိုင် တောက်ပနေအောင် တသသ လုပ်လာကြတာပါဘဲ။ခွင်ကြုံတုန်းစော စောစီးစီး " ရှိတ်" လိုက်မယ်ပေါ့။(ဟိုတုန်းက အပျိုတွေကို လူပျိုတွေ မျက်စိစာပွဲထိုင်တာကို" ရှိတ်" တယ်လို့ခေါ်တာ)ခါတိုင်းတွေမှာဆွမ်းဟင်းချိုင့်လေး လေးကြီးတွေဆွဲကြတဲ့ကျောင်းသားကြီးတွေဟာ၊အဲ့လိုရွာမျိုးတွေကျ ကျနော်တို့လက်ကသပိတ် သူတို့လက်ရောက်ရရော။သပိတ်ပိုက်ပြီးဆွမ်းခံမှ၊တန်းစီပြီးဆွမ်းလောင်းနေတဲ့ဘမီးထိန်ထိန်အောက်ကအပျိုတွေဆီရောက်ရမှာလေ။🌹🌹🌹🌹🌹🌹 . ဪ......မပြောမဖြစ်တာကျန်ခဲ့တော့မလို့။ရပ်သစ်၊စိုင်ခေါင်းနဲ့ သဖန်းချိုတန်းကြီးလောင်းတွေကို၊ဘုန်းကြီးကျောင်းတွေအမှတ်တရ ဖြစ်ရတာက၊တရွာတရွာကို ဝက်သားဟင်းက ၅ ပိဿာချက်လောက်ရတာကိုးဗျ။ သံဃာများတဲ့စာသင်တိုက် ဆို အဲ့ထက် နှစ်ဆသုံးဆကိုလောင်းလှူကြတာကလား။ကျွဲဘောင်ပင်ဆို အဲ့ရွာတွေရဲ့ တဝက်နှုန်းလောက်လှူကြတယ်။အ ခြားရွာတွေကတော့ အဲ့လောက်မရှိကြပါဘူး။နှိုင်းယှဉ်မှုအရသာ အနည်း အများပြောရတာပါ။တကယ်တော့ သီတင်းကျွတ်တန်းကြီးလောင်းအရုဏ်ဆွမ်းလှူပွဲဟာ၊ဗုဒ္ဓဘာသာကိုအထူးယုံကြည်ကိုင်းရှိုင်းကြတဲ့ကျေး တောနေတွေရဲ့ထုံးတမ်းစဉ်လာတခု၊မိသားစုတွေ၊ဆွေဆွေမျိုးမျိုးတွေ တမင်တပေါက်ဆုံစည်းကောင်းမှုပြုတဲ့မိသားစုအစဉ်အလာတခုမို့၊အခုလို ပြန်စဉ်းစားနေရတာနဲ့ကို ရင်ထဲမှာနွေးထွေးစွာခံစားမိရပါရဲ့။ .. ညနေကျ ကျနော်တို့ရွာမှာလည်း ခါတိုင်းလိုပြင်ဆင်နေကြမှာပဲ။ မနက်အရုဏ်ဆွမ်းလောင်းချိန် လျှပ်စစ်မီးမှလာပါ့မလား။လျှပ်စစ်မီးမ လာလည်း ဒီရက်ဒီအချိန်လေးတော့လင်းလင်းချင်းချင်းရှိအောင် ဓါတ်ဆီနဲ့ မောင်းတဲ့မီးစက်တွေကြိုရံထားကြမယ်ထင်ပါရဲ့။ညကျရင် ရွာဖက်က လောက်စပီကာဖွင့်သံသဲ့သဲ့ ကြားရကောင်းကြားရအုံးမလားဘဲ။အဖိုးကြီး ဖြစ်နေတဲ့မိမိကတော့ ငယ်စဉ်ကလိုကိုယ့်ဖာသာမှမသွားမလာနိုင်တော့၊ ဒီနှစ်ရွာတန်းကြီးလောင်းကိုလည်းမရောက်နိုင်တော့ပြီ။. ။ ....

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home